ဇွန်လ (၅)ရက်။
ဒီကနေ့ နံနက်(၁၀)နညရီခွဲအချိန်က စစ်ကိုင်းမြို့ရှိ စစ်ကော်မရှင်ရဲ့ လဝကရုံးထဲ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
“ ဖြစ်တာက လဝကရုံး ဝင်ပေါက်ဘေးမှာ ပေါက်ကွဲတာ။ ဝန်ထမ်းတွေကော မှတ်ပုံတင်တွေ အိမ်ထောင်စုဇယားလာလုပ်တဲ့သူတွေ တော်တော်များများ ထိကြတယ်၊ ဘယ်သူကလုပ်တယ်ဆိုတာတော့ မသိဘူး” လို့ မြို့ခံတဦးက ဆိုပါတယ်။
ဖြစ်စဉ်ဟာ စစ်ကော်မရှင်ရဲ့ လဝကရုံးရှိ ဝင်ပေါက်ဘေးကနေ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ရုံးဝန်ထမ်းတွေအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကလဲ ထိခိုက်ဒဏ်ရာရသူ (၂၀)ဦးရှိပြီး ရုံးဝန်ထမ်းတွေနဲ့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား ပြုလုပ်သူတွေ ပါဝင်တယ်လို့ ရေးသားထားပါတယ်။
ဗုံးပေါက်ကွဲတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကိုင်းမြို့ရှိ ကုတင်(၃၀၀)ဆံ့ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ ပြောဆိုထားပါတယ်။
စစ်ကော်မရှင်လက်အောက်ခံ လဝကရုံးမှာ စစ်တပ်နဲ့ ပျူစောထီးတွေက လုံခြုံရေးယူထားကြကာ ဗုံးပေါက်ကွဲခဲ့တာနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာမရှိသေးဘူးလို့ သိရပါတယ်။








