ဇွန်လ (၂၅)ရက်။
မနေ့က အရာတော်ဒေသထဲ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဖော်ပြထားချက်တွေအရ သိရပါတယ်။
စစ်လော်ဘီချန်နယ်တွေရဲ့ ဖော်ပြထားတာတွေထဲ အရာတော်ဒေသထဲ တော်လှန်ရေးတပ်ဖွဲ့တွေကို ရှာဖွေရှင်းလင်းနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာ တော်လှန်ရေးရဲဘော် (၁၀)ဦး ကျဆုံးခဲ့ပြီး လက်နက် (၃)လက်၊ လက်ပစ်ဗုံး (၁၉)လုံးနဲ့ လက်လုပ်မိုင်း (၉)လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းဓါတ်ပုံနဲ့အတူ ဖော်ပြထားပါတယ်။
တိုက်ပွဲဟာ ငွေတွင်းပျူစောထီးစခန်းကနေ အမှတ်(၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ-၁၀)ဘက်ကို ရိက္ခာသယ်ဖို့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဒေသထဲသတင်းတွေက ရေးသားထားကြပါတယ်။
အဲ့ဒီလိုတိုက်ခိုက်နေချိန် စခတ(၁၀)ဘက်က ထွက်လာတဲ့ စစ်ကောင်စီတပ်ပါ ရောက်လာပြီး ရှေ့နောက် ဝိုင်းပတ်တိုက်ခိုက်ခံရကာ တော်လှန်ရေးတပ်တွေဘက်က ထိခိုက်ကျဆုံးခဲ့ရတာလို့ ပြောဆိုထားပါတယ်။
ဒီလိုတိုက်ပွဲဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတော်လှန်ရေးတပ်တွေဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိဘူးလို့ သိရပါတယ်။






