ဇွန်လ (၂၅)ရက်။
ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့ ပစ်ခတ်ခဲ့ရာမှာ ကဒီပုကျေးရွာအုပ်စုရှိ ပဏ္ဍိကုန်းရွာထဲ ကျရောက်ပေါက်ကွဲခဲ့ကာ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ အသက် (၄၁)နှစ်အရွယ် အမွှာကိုယ်ဝန်ဆောင်သည် အမျိုးသမီးတဦးနဲ့ အသက် (၁၁)နှစ်အရွယ် မိန်းကလေးငယ်တဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပဏ္ဍိကုန်းရွာနေ အမျိုးသားတဦးနဲ့ (၅)နှစ်အရွယ် မိန်းကလေးငယ်တဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဒေသခံတွေပိုင်ဆိုင်တဲ့ နွားအချို့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီလိုအရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်ရဲ့ အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ခမရ(၃)က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ပစ်ခတ်ခဲ့တာလို့ ဆိုထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်ဆုံးရှုံးတာ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။






