ကပ္ပလီပင်လယ်ကမ်းရိုးတန်းရှိ သံတွဲမြို့မှ ပြည်သူများသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ဇန်နဝါရီလလယ်တွင် ရောက်ရှိလာမည်ကို သိရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် မြို့တွင်း၌ ရုတ်တရက် စစ် တပ်အစောင့်အကြပ်များ အများအပြား တိုး၍ချလာခြင်းကြောင့်ဖြစ်သည်။
ခရီးစဉ်အတွင်း လတ်လတ်ဆတ်ဆတ် ဆေးခြယ်ထားသည့် လမ်းမများပေါ်တွင် ဒေသခံများအား သွားလာခွင့် မပြုဘဲ လေဆိပ်မှ လမ်းတစ်လျှောက် ဟောင်းနွမ်းနေသော စားသောက်ဆိုင်များနှင့် လမ်းဘေးစားသောက်ဆိုင်များကို ဖြိုချဖျက်စီးကာ လှည်းများပေါ်တင်ပြီး ဖယ်ရှားရှင်းလင်းခဲ့သည်။ သို့မှသာ စပယ်ငပလီရိပ်သာ (Jasmine Ngapali Resort) နှင့် သဲဖြူကမ်းခြေများသို့ မောင်းနှင်လာရာတွင် မြန်မာစစ်ဦးစီးချုပ်၏ မော်တော်ယဉ်တပ်စုမှူးနှင့် ထိုင်းစစ်တပ် ကိုယ်စားလှယ် အဖွဲ့မှ လာရောက်လည်ပတ်သူများအတွက် မျက်စိထဲတွင် ရှင်းလင်းနေစေမည် ဖြစ်သည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းခဲ့သော နပိုလီယံအသွင်ယူထားသည့် အရပ်ပုညှက်ညှက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားရေးဝါဒီ တစ်ဦးလည်း ဖြစ်သည်။ ၎င်း၏ ဇနီးဖြစ်သူ ကြူကြူလှသည် တန်ဖိုးကြီး နိုင်ငံခြားဖြစ် နာမည်ကြီး အမှတ်တံဆိပ် လက်ကိုင်အိတ်များကို မက်မောသူ ဖြစ်သည်။
အပေါ်တိုက်ပုံင်္ကျီနှင့် လည်ကတုံးရှပ်အင်္ကျီဝတ်ထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သက်တောင့်သက်သာဖြင့် ထိုင်နေပြီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာလန်ဖွန် ဆရီဆာဝါဒီ (Chalermphon Srisawasdi) နှင့်သူ၏ အဖွဲ့ဝင် အရာရှိ ၃၀ နှင့် ၎င်းတို့၏ ဇနီးအချို့နှင့်အတူ ရောက်ရှိလာသည်။
မြန်မာနိုင်ငံအတွက် ရှားရှားပါးပါး သံတမန်ရေးရာ အပြန်အလှန် ဆက်ဆံမှုဖြစ်ပြီး၊ ထိုင်းစစ်တပ်နှင့် ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးသော အဆင့်မြင့် တွေ့ဆုံမှုဖြစ်ပြီး၊ စစ်အစိုးရ အပြောင်းအလဲနောက်ပိုင်း တိုင်းပြည်ကို အပယ်ခံနိုင်ငံအဖြစ် နောက်တကြိမ်ပြောင်းလဲသွားစေခဲ့သည့် မြန်မာစစ်တပ်အတွက် ကျန်ရှိနေသော မိတ်ဆွေအနည်းငယ်ဖြစ်သည်။
အာဏာသိမ်းပြီးကတည်းက အထီးကျန်ဆန်လာသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လာရောက်ခြင်းသည် နယ်ခံ လူထုအတွက် ပုံမှန်မဟုတ်သည့် အခိုက်အတန့် တခုပင်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျေးလက်နယ်မှ တပ်မ တော်သို့ ဝင်ရောက်ခဲ့ပြီး မထင်ပေါ်သည့် ရာထူးအဆင့်မှ ရုန်းထွက်ကာ ဗိုလ်ချုပ်မှူးကြီး ရာထူးကို ရရှိခဲ့ပြီး ကမ္ဘာ၏ ကဲ့ရဲ့ရှုံ့ချခံရမှု၊ ကြောက်လန့်မှုခံရသော လျှို့ဝှက်သောတပ်မတော်အဖြစ် လူသိများသည့် စစ်တပ်ကို ဦးဆောင်သူ ဖြစ်လာခဲ့သည်။
မင်းအောင်လှိုင်သည် ၁၉၇၇ ခုနှစ်တွင် စစ်သင်တန်းကျောင်းမှ ဘွဲ့ရပြီးနောက် ၈၈ ခြေလျင်တပ်မတွင် စစ်မှုထမ်းခဲ့သည်။ ခြေလျင်တပ်တွင် နေထိုင်ခဲ့ပြီး ၂၀၀၀ ခုနှစ်များ အစောပိုင်းတွင် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ခွဲထွက်ရေးသမားများကို တိုက်ခိုက်သည့် အမည်ဖြင့် ကျော်ကြားခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က အာဏာရလာပြီးနောက်တွင် သူသည် ၎င်း၏ အုပ်ချုပ်မှုကို စုစည်းရန် ပျက်ကွက်ခဲ့ပြီး ယနေ့တွင် ၎င်း၏ဘဝ၏ အကြီးကျယ်ဆုံးတိုက်ပွဲဖြစ်သည့် မြန်မာ့ပြည်သူများ၏ စိတ်နှလုံးကို အောင်နိုင်ရေး တိုက်ပွဲဖြစ်သည်။ သူအနေနှင့် ထိုတိုက်ပွဲကို အနိုင်ရဖို့ အလားအလာ မရှိပါ။
သံတွဲမြို့ရှိ စည်းလုံးညီညွတ်ရေး ဟောပြောပွဲများ၊ မီးပုံးပျံများ၊ ဘုရားသို့ သွားရောက်သည့် ခရီးစဉ်များနှင့် အကအဖွဲ့များ ပါဝင်သည့် အလွန်ကြီးမားသော အခမ်းအနားသည် နိုင်ငံ၏ ကျန်ရှိနေသောနေရာများနှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ စီးပွားရေးနှင့် ငွေကြေးသည် ဆိုးဝါးစွာ ကျဆင်းသွားသည်။ လက်နက်ကိုင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ထူထောင်ထားခြင်းသည် ပျက်ပျယ်သွားသည်၊၊ အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆရာဝန်များနှင့် သူနာပြုများ အစိုးရဆေးရုံများမှ နှုတ်ထွက်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်း ခံရခြင်းကြောင့် ကျန်းမာရေးစနစ်သည် ပြိုပျက်နေပြီး ထောင်နှင့်ချီသော ပြည်တွင်းရှိ နေရပ်စွန့်ခွာသူများသည် ဝေးလံခေါင်သီသော နယ်စပ်တလျှောက်တွင် ပုန်းခိုနေကြရသည်။
စစ်အုပ်ချုပ်ရေးသည် ဆိုးရွားလှသော အမွေဆိုးများကို ကျရောက်စေသည်။ နှစ်နှစ်အတွင်းတွင် စစ်အစိုးရသည် ယခင်ဆယ်စုနှစ်များအတွင်း ပြုလုပ်ခဲ့သော စီးပွားရေးတိုးတက်မှုများစွာကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။ ၁၉၆၀ ခုနှစ် နောက်ပိုင်း ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံ အရပ်သား အရေအတွက် အများဆုံး အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သည့် အစိုးရအ ဖွဲ့မှ ၂၀၁၆-၂၀၂၀ ခုနှစ် အစိုးရသည် ပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး များစွာသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး အကူအညီများကို ဆွဲဆောင်ခဲ့သည်။
မြန်မာနိုင်ငံသည် သမိုင်းတွင် မည်သည့်ခေတ်ကထက် ပို၍ စီးပွားရေးအရ ပိုကောင်းလာခဲ့သည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် တပ်မတော် ကျောထောက်နောက်ခံပြု ပါတီတစ်ခု ထပ်မံ ရှုံးနိမ့်ပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် အာဏာသိမ်းကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်တွင် သွေးထွက်သံယို ကင်းစင်သည့် စစ်ဆင်ရေးဖြင့် အာဏာရယူခဲ့သည်။ ယင်းအာဏာသိမ်းမှုသည် ၁၉၄၈ ခုနှစ်၊ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီး ကတည်းက တပ်မတော်၏ တတိယအကြိမ်မြောက် အာဏာသိမ်းမှု ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသားခေါင်း ဆောင် ဖြစ်လာသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်သည် အကျဉ်းချခံခဲ့ရသည်။
ယင်းနောက် ဗိုလ်ချုပ်က အရာရာတိုင်းကို “ဥပဒေနှင့်အညီ” လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ ယခင် မြန်မာစစ်အစိုးရကို အောက်မေ့သတိရစေသော ရင်းနှီးသော အသုံးအနှုန်းလည်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလတွင် စစ်တပ်က အာဏာသိမ်းမှုမှ စတင်ကတည်းက လူပေါင်း ၂၉၄၀ သေဆုံးခဲ့ပြီး ၁၃၇၆၃ ဦး ထိန်းသိမ်းခံခဲ့ရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အခြား လွတ်လပ်သော သုတေသနနှင့် စောင့်ကြည့်ရေးအဖွဲ့များက အရပ်သားသေဆုံးမှု ၃၀,၀၀၀ ကျော် ရှိသည်ဟု ဆိုသည်။
“တောင်းဆိုပန်ကြားမှုတွေ အများကြီးလုပ်ပြီးတော့မှ ဒီနည်းလမ်းကလွဲလို့ ရှောင်လွှဲလို့ မရတာကြောင့် တိုင်းပြည်အတွက် ရွေးခဲ့ရတာ ဖြစ်တယ်” ဟု ၎င်း၏ အာဏာရ နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း တပ်မတော်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။ ဗမာကြီးစိုးသည့် တပ်မတော် အရာရှိ တပ်ဖွဲ့သည် တိုင်းပြည်၏ ၇၅ နှစ်တာ သက်တမ်းကို ဆယ်စုနှစ်ငါးခုကျော်ကြာ အုပ်ချုပ်ခဲ့ပါသည်။ စစ်ဗိုလ်ချုပ်များ အဘယ်ကြောင့် ပြန်လည်ပြီး ဆက်လက် အုပ်ချုပ်ရသနည်း ဆိုသည်ကို ကျွမ်းကျင်သူများက ဖြေဆိုရန် ရုန်းကန်နေရသော မေးခွန်းတခု ဖြစ်သည်။
“တပ်မတော်ဟာ သူတို့ကိုယ်သူတို့ တိုင်းပြည်ရဲ့ အဓိကလို့ မြင်ပြီး ရှုံးနိမ့်မှုကို စိတ်ကူးယဉ်ဖို့ ခက်ခဲလိမ့်မယ်” ဟု ကာကွယ် ရေးဆိုင်ရာ ထုတ်ဝေသည့်အုပ်စု Janes ၏ လုံခြုံရေးဆိုင်ရာအကြံပေး ဝါရင့်မြန်မာ့အရေး လေ့လာသူ Anthony Davis က Nikkei Asia သို့ ပြောကြားခဲ့သည်။ “ နောက်ပြီးတော့ သတင်းဆိုးတွေက အဆင့်ဆင့် ဖြည်းညင်းစွာ အမိန့်ပေးနေတဲ့ အ ထက်ကို တက်နေတယ်၊ တချို့ကိစ္စတွေက လုံးဝမဟုတ်ဘူး။” ဟု သူက ဆက်ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထီးနန်းဆက်ခံမှုသည် တိုင်းပြည်၏ အထီးကျန်မှုကို အသစ်တဖန် ပြန်လည်ဖြစ်ပေါ်စေပြီး ပြည်တွင်းစစ်ကို လှုံဆော် စေခဲ့သည်။ အာဏာရလာပြီးနောက် နှစ်နှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဒါဇင်ကျော်သည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကာ တိုင်းပြည်၏ ကြောက်မက်ဖွယ် ကောင်းလှသော တပ်မတော်ကို ငြင်းပယ်ကာ နိုင်ငံအနှံ့အပြားတွင် ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကွယ်လွန်ခဲ့သော မြန်မာနိုင်ငံ၏ အတောက်ပဆုံး ကာတွန်းဆရာ ဟန်လေးသည် ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မထင်မှတ်ထားသော စစ်ရေးစွန့်စားမှုကို သရုပ်ဖော်ခဲ့သည်။ (နန်းယုယုထွန်းက မေတ္တာဖြင့်ပေးသည်)
၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် တိုက်ပွဲဝင်တပ်ဖွဲ့ဝင် ၁၂၀,၀၀၀ ခန့်ရှိသော တပ်မတော်သည် ကြီးမားသော မြို့ရွာများကို ဆက် လက် သိမ်းပိုက်ထားသော်လည်း ကျေးလက်ဒေသ အများအပြားကို ထိန်းချုပ်မှု ဆုံးရှုံးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ရွှေ့ ပြောင်း နေထိုင်သူများအဖွဲ့၏ နောက်ဆုံးရွေ့လျားသွားလာမှု စောင့်ကြည့်ချက်အရ ပြီးခဲ့သောနှစ်နှစ်အတွင်း ထိုင်းနိုင်ငံသို့ လူ ၂၀၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ၎င်းတို့အနက် ၇၂ ရာခိုင်နှုန်းသည် အထောက်အထားမဲ့ ဖြစ်နေသောကြောင့် အလွန် အမင်း ခုခံစွမ်းအား နည်းပါးကြောင်း ဖော်ပြသည်။
၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှု ပြုလုပ်ခဲ့ပြီး ဖိနှိပ်ချုပ်ချယ်မှုများနှင့် အစိုးရအပြောင်းအလဲကို ကြိုစားနေသည့် တပ်မတော်က အစွန်းရောက် လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံးများ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစိုးရကို တရားစွဲဆိုမှုများ ဆက်လက် ဖြစ်ပွားနေပါသည်။ အာဂျင်တီးနားနှင့် တူရကီတို့မှာ အပြည်ပြည်ဆိုင်ရာခုံရုံး (universal jurisdiction) ၏ ဥပဒေအရ တရားရုံးတင်ထားသည့် အမှုတွဲ ရှိနေပြီး၊ နောက်ထပ်တခုအဖြစ် ဇန်နဝါရီ ၂၄ ရက်နေ့က ဂျာမနီတွင် တင်သွင်းခဲ့သော်လည်း လက်ခံခြင်း မရှိသေးပေ။
“မင်းအောင်လှိုင်ဟာ နိုင်ငံကို ကြီးမားတဲ့ အကြမ်းဖက်မှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကျူးလွန်ခဲ့တာ ဆယ်စုနှစ်များစွာ မှတ်တမ်း ရှိပါတယ်” ဟု အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျူ့ (US Institute of Peace) မှ ဂျေဆင်တာဝါ (Jason Tower) က Nikkei သို့ ပြောကြားခဲ့သည်။ “သူဟာ ၁၀ နှစ်ကြာ ပြုပြင်ပြောင်းလဲရေးတွေကို ထိခိုက်စေခဲ့ပြီး စီးပွားရေးတစ်ခုလုံးကို လုံးလုံးလျားလျား လှန်ပစ်ခဲ့ပြီး လူသန်းပေါင်းများစွာကို ဆင်းရဲမွဲတေမှုမျဉ်းအောက်ကို ရောက်ရှိစေပြီး လူထောင်ပေါင်း များစွာ သေဆုံးခဲ့ရမှုနဲ့ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့အပေါ် တိုက်ရိုက် တာဝန်ရှိပါတယ်ဟု သူကဆိုသည်။
စစ်အာဏာရှင် ဖြစ်လာရေး။
၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း မင်းဘူးတွင် မွေးဖွားခဲ့သော ဗမာလူမျိုး မင်းအောင်လှိုင်၏ မိဘများသည် တောင်ပိုင်း ထားဝယ်ခရိုင်မှ ကျောင်းဆရာများ ဖြစ်သည်။ သူသည် ငယ်စဉ်က မန္တလေးတွင် နေခဲ့ပြီး ရန်ကုန်တွင် တက္ကသိုလ် တက်ခဲ့သည်။ အနည်းဆုံးတော့ သူရဲ့ ဇွဲလုံ့လနဲ့ သူ့ဘာသာသူ တက်လာဖို့ သတ္တိရှိတယ်ဆိုတာ သက်သေပြပြီး စစ်တက္ကသိုလ်ကိုဝင်ဖို့ သုံးကြိမ်လောက် ကြိုးစားခဲ့ရပါတယ်။ “မင်းအောင်လှိုင်ဟာ အာဏာ ဆာလောင်မွတ်သိပ်သူ၊ မြွေလို တွန့်ကောက်၊ ဝံပုလွေလို ကောက်ကျစ်ပြီး ပေါ်ထွက်ခဲ့ပေမယ့် လူတွေက သူ့ရဲ့ ကလိမ်ကကျစ် ဉာဏ်ရည် ဉာဏ်သွေး စွမ်းရည် မြှင့်တင်နိုင်မှုကို သတိထားမိခဲ့တယ်။ သူ့အနေနဲ့ အထက်ကို တက်ရောက်နိုင်ဖို့ လမ်းကြောင်းကိုရှာပြီး တက်လာနိုင်ခဲ့တယ်” ဟု အင်တာဗျူးများစွာကို ပြုလုပ်ခဲ့သည့် မြန်မာအရေးကျွမ်းကျင်သုံးသပ်သူ တစ်ဦးက ပြောသည်။
တပ်မတော်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လေးစားကြပေမယ့် အများစုအကြိုက်တော့ မဟုတ်ပါ။ တာဝန် ထမ်းဆောင်နေဆဲနှင့် အငြိမ်းစားအရာရှိများသည် တစ်ခါတစ်ရံတွင် သူ၏ ပြတ်သားမှုနှင့် တင်းကျပ်မှုတို့ကို ဝေဖန်ကြသည်။ ၁၉၇၇ ခုနှစ်တွင် စစ်တက္ကသိုလ် (DSA) မှ ဘွဲ့ရသောအခါတွင် သူ၏ ကျောင်းနေဖက်ဗိုလ်လောင်းများက သူ့ကို “ ကြောင်ချီး” ဟူသော အမည်ပြောင်ပေးခဲ့ကြသည်။
ဘာသာပြန် ဆောင်းပါး ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်။
Nikkei Asia ၏ တွဲဖက်အယ်ဒီတာ ဒိုမင်နစ် ဖော်လ်ဒါ (DOMINIC FAULDER) ရေးသားသည့် “Myanmar’s iron-fisted ruler Min Aung Hlaing fights to stay on his throne – Two years after seizing power, the general has undone any progress made under civilian rule” ကို Eras’s Eye မီဒီယာမှ ဘာသာပြန်ထားသည်။