မြန်မာနိုင်ငံနှင့် သင့်တော်မည့် ဖက်ဒရယ်စနစ်အား လေ့လာဖော်ဆောင်ရာတွင် အထောက်အပံ့ဖြစ်စေရေးအတွက် နောက်ခံလိုအပ်ချက် အခြေအနေများ
အမှန်တရားတခုကို ရှာဖွေရာတွင် ရှာဖွေသူ၏ မျက်စိအမြင်၌ တိမ်သလ္လာဖုံးနေလျှင် အတွင်းစိတ်အစဉ်၌ မကြည်လင်၊ နာကျည်းမှု၊ ချစ်ခြင်း မုန်းခြင်း၊ တွေဝေခြင်း၊ အာဃာတ၊ မာန်မာနများ ဖုံးလွှမ်းနေလျှင်၊ လူမျိုးအရ၊ ဝါဒအရ၊ အဖွဲ့အစည်းအရ ဘက်လိုက် ရပ်တည်မှု တခုခုကို အသေဆုပ်ကိုင်ထားလျှင် လောင်းရိပ်ကြီးတခုခု၏ အောက်တွင်လွှမ်းမိုးခံနေရလျှင် မကောင်းမြင်မှု ကြီးစိုး လွန်းပြီး အကောင်းမြင်မှု ကျဆင်းနေလျှင် ကိုယ်ကိုယ်တိုင်က အားကြိုးမာန်တက် သိမြင်လိုသည့်ဆန္ဒနှင့် ကြိုးပမ်းအားထုတ်မှု လျော့နည်းနေလျှင် လေ့လာရေးနှင့် သုတေသန အထောက် အကူပြုပံ့ပိုးမှုများ ကင်းမဲ့နေလျှင် အဆိုပါပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက တန်ဖိုးထားသည့် အမှန်တရားအား ရှာဖွေရာတွင် များစွာခက်ခဲပါမည်။
မြန်မာနိုင်ငံနှင့် သင့်တော်သည့် ဖက်ဒရယ်စနစ်ကိုလည်း အမှန်တရားတခုအား ရှာဖွေသည့် သဘောမျိုးခံယူ ကျင့်သုံးနိုင်မှသာ အကျိုးရှိနိုင်ပါမည်။ ယင်းကို အထောက်အကူဖြစ်နိုင်စေရေးအတွက် အောက်ပါပြဿနာများအား မှန်ကန်စွာ ကိုင်တွယ်ရန် လိုအပ်ပါမည်။
(၁) လုပ်ငန်းစဉ်အပေါ်မရှင်းခြင်း။
စစ်အာဏာရှင်စနစ်နှင့် စစ်ကောင်စီကိုတိုက်နေစဉ်မှာပင် မြန်မာနိုင်ငံနှင့် သင့်တော်မည့် ဖက်ဒရယ်စနစ်အား လက်တွေ့ ကျင့်သုံး အုတ်မြစ်ချသွားမည်လား (သို့မဟုတ်) စစ်အာဏာရှင်စနစ်နှင့် စစ်ကောင်စီကို အရင်တိုက်ပြီးမှ မြန်မာနိုင်ငံနှင့် သင့်တော်မည့် ဖက်ဒရယ်စနစ်ကို ရှာဖွေကျင့်သုံးမည်လားဟူသည့် လုပ်ငန်းစဉ်အပေါ် ရှင်းလင်းခြင်း မရှိပါ။ သို့ဖြစ်၍ ဖော်ဆောင်မှုများမှာ မရေမရာ၊ မတိမကျ၊ ယောင်ဝါးဝါး ဖြစ်နေသည်။
အကျိုးဆက်အနေဖြင့် PDFs များနှင့် ၎င်းတို့အား အားပေးထောက်ခံသူများအကြားတွင်တိုက်ခွင့်ရလျှင်ပြီးရော တိုက်ချင်သလို တိုက်ကြ ဟူသည့်အနေအထားများကို တွေ့နေရသည်။ ယင်းမှာ တဘက်တွင် ဖြစ်သည်။ အခြားတဘက်တွင် လွဲမှားသော လူမျိုးရေးအာဃာတများကို မြန်မာမဟုတ်သည့် တိုင်းရင်းသားလူနည်းစု အင်အားစုတချို့က ထားရှိကျင့်သုံးနေကြောင်း တွေ့နေရသည်။
ဒါက ဗမာ၊ ဗမာချင်း ဖြစ်နေကြတဲ့ပြဿနာ၊ ငရုပ်သီးဆိုတာ အနီစားလည်း စပ်တာပဲ၊ အစိမ်းစားလည်း စပ်တာပဲ၊ (ဟူသည့် ဟာသရှုထောင့်မှ တန်ဖိုးထားရမည်ဖြစ်သော်လည်း မမှန်ကန်သည့် အလင်္ကာထပ်တူပြုမှုကို ကိုင်စွဲလျက်) သူတို့ ဗမာ၊ ဗမာ အချင်းချင်း ဖြစ်နေကြတာ ငါတို့က ဘာဝင်တိုက်နေစရာ လိုသလဲဟူသည့် သဘောထားမျိုးဖြစ်သည်။ သို့ဖြစ်၍ ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲလွန်းနေသည်။ စုစည်းညီညွတ်မှုကို ထိရောက်စွာ မရှာဖွေနိုင်။ အကျိုးဆက်အနေဖြင့် စစ်ကောင်စီကို ထိုးနှက်ချက်များသည် ပျော့လွန်းလျက်ရှိသည်။ အစီအစဉ်တကျ၊ စနစ်တကျ၊ သေသေသပ်သပ်၊ အားကောင်းကောင်း အဆင့်သို့ တက်မလာသေး။
ယင်းကို ဖြေရှင်းကျော်လွှားနိုင်ရန်မှာ စစ်အာဏာရှင်စနစ်နှင့် စစ်ကောင်စီကို တိုက်နေစဉ်မှာပင် မြန်မာနိုင်ငံနှင့် သင့်တော်မည့် ဖက်ဒရယ်စနစ်အား လက်တွေ့ကျင့်သုံးအုတ်မြစ်ချသွားရပါမည်။ နေ့စဉ် အကောင်အထည်ဖော်ရပါမည်။ အကောင် အထည် မဖော်ခင်မှာပင် စဉ်းစားရန်လိုအပ်ပါသည်။
ပြည်ထောင်စု နိုင်ငံတဝှမ်းလုံးဆိုင်ရာ လုပ်ငန်းစဉ်၊ ပြည်နယ်တခုလုံး လွှမ်းခြုံမည့် လုပ်ငန်းစဉ်၊ ပြည်နယ်တခုချင်းစီအတွင်းရှိ ဇုန် (သို့မဟုတ်) ဒေသန္တရ တခုခုကို ဖြန့်ကျက်ဖော်ဆောင်မည့်လုပ်ငန်းစဉ်မှန်သမျှတို့အား အဆိုပါအခြေခံမှနေ၍ ဖော်ဆောင်ရပါမည်။ ယင်းမှာ ဖက်ဒရယ်စနစ်အခြေခံမှ ချဉ်းကပ်ခြင်းဖြစ်သည်။
(၂) နိုင်ငံရေးပြဿနာလား၊ ဥပဒေစိုးမိုးရေးပြဿနာလား။
မြန်မာနိုင်ငံ၏ အရင်းခံပြဿနာသည် နိုင်ငံရေးဖြစ်သဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ဖြေရှင်းရမည်ဟူသည့် မျှော်မှန်းချက် ရှိခဲ့သည်။ သို့ရာတွင် ယင်းမှာ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း လူထု ထောင်ဂဏန်း သတ်ဖြတ်ခြင်းခံခဲ့ရသည့် အချိန်ကတည်းက ကုန်ဆုံးသွားခဲ့ပြီးဖြစ်သည်။
စင်စစ်အားဖြင့် ထိုစဉ်ကထဲက ဥပဒေစိုးမိုးရေး ပြဿနာ ဖြစ်သွားခဲ့ပြီးပါပြီ။ ဆိုလိုသည်မှာ ဥပဒေစိုးမိုးရေးအခြေခံအရ ပြစ်မှုကျူးလွန်သူကို အပြစ်ပေးရပါမည်။ မဖြစ်မနေ ဖော်ဆောင်ရမည့် တရားမျှတမှု ရှာဖွေခြင်း Substantive justice အနေဖြင့် ပြစ်မှုကျူးလွန်သူကို အပြစ်ပေးသည့်မူအား လွန်ခဲ့သည့် နှစ်ပေါင်း လေးထောင်နီးပါးက ဘာဘီလိုးနီးယားနိုင်ငံ ဟမ်မူရာဘီဘုရင်လက်ထက်က စတင်ကျင့်သုံးခဲ့သည်။
ရှစ်လေးလုံးကတည်းက နိုင်ငံတကာ အဆင့်ပြစ်မှုကြီးများ စတင်ကျူးလွန်ခဲ့ပြီး ယနေ့တိုင် ကျူးလွန်ဆဲဖြစ်သော တပ်မတော် စစ်ခေါင်းဆောင် အဆက်ဆက်အား အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည့် မည်သည့်အရာမှန်းမသိသော နိုင်ငံရေး ကြွေးကြော်သံအောက်တွင် နည်းလမ်းတကျ ကင်းလွတ်ခွင့် ပြုခဲ့သည်။ ၂၀၁၁ ခုနှစ်မှစ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၅ အောက်တွင် ဥပဒေနှင့်အညီ ကင်းလွတ်ခွင့် ပြုခဲ့သည်။
ကမ္ဘာ့တရားရုံး (ICJ) က အရေးယူရန် ကြိုးပမ်းခဲ့သောအခါ ၎င်းအထိ တက်ရောက်ကာ ခုခံကာကွယ်ပေးခဲ့သည်။ ဥပဒေစိုးမိုးရေးကို ဆန့်ကျင်ပြီး စစ်ခေါင်းဆောင်အဆက်ဆက်နှင့်သာ သင့်မြတ်ရန် ကြိုးပမ်းခဲ့သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် နိဂုံးချုပ်ချက်မကောင်းစွာနှင့် သမိုင်းအမှိုက်ခြင်းထဲ ရောက်သွားခဲ့ပါပြီ။
အလားတူပင် နိုင်ငံတကာအဆင့်ပြစ်မှုကြီးများ ဖြစ်ပွားသည်အထိ ကျူးလွန်ခဲ့မှုများအား မည်သို့အရေးယူဆောင်ရွက်မည်ကို စိုးစဉ်းမျှဆွေးနွေး၊ အဖြေရှာ၊ ထည့်သွင်း၊ ချုပ်ဆိုခဲ့ခြင်းမရှိသည့် တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA သည်လည်း အသက်ဝင်ခြင်း အလျှဉ်းမရှိတော့။ ထိုနည်းတူစွာပင် ချို့ယွင်းနေပြီး အာဆီယံက ချမှတ်ထားသည့် တိကျရေရာခြင်း မရှိသော အပြုသဘော ဆောင်သည့် ဆွေးနွေးမှုသည်လည်း နှစ်နှစ်နီးပါးကြာလာသည့် ယနေ့အချိန်အထိ မည်သို့မျှအလုပ်မဖြစ်။ ဤသည်တို့ကိုကို နည်းလမ်းတကျ အသိအမှတ်ပြုရန် လိုပါမည်။ လျှောက်ရမည့်လမ်းကြောင်းမှာ ရှင်းရှင်းလေးဖြစ်ပါသည်။
ဥပဒေစိုးမိုးရေးဖြစ်သည်။ ယင်းမှာ နိုင်ငံတကာအဆင့်ပြစ်မှုကြီးများ ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲဖြစ်သည့် စစ်ကောင်စီခေါင်းဆောင်များအား အရေးယူ အပြစ်ပေးရေး ဖြစ်သည်။ သို့မှသာ စစ်အာဏာရှင်စနစ်ကို မြေမြှုပ်သဂြိုဟ် နိုင်ပါမည်။ စစ်အာဏာရှင်စနစ်ဖြစ်စေ၊ အခြား အာဏာရှင် တရပ်ရပ်ဖြစ်စေ ကြံ့ခိုင်၊ ကြီးထွားနေပါက မည်သည့်အခါတွင်မျှ ဖက်ဒရယ်စနစ် မအောင်မြင်နိုင်ပါ။ ဒီမိုကရေစီ ဟူသည်မှာလည်း အမည်ခံမျှသာ ယာယီကာလလေးတခုတွင်ခံစားကောင်း ခံစားနိုင်မည်။ ရေရှည် ရှင်သန်နိုင်ခြင်း မရှိပါ။
(၃) တိုင်းရင်းသား လူနည်းစုအရေး၊ အမျိုးသားရေးကို ကြွေးကြော်လျက် ကိုယ်ကျိုးကိုသာ အဓိကကြည့်သည့်ဝါဒကို တိုက်ဖျက်ရန်လိုအပ်ခြင်း။
ဗမာပြည်ကွန်မြူနစ်ပါတီထံမှ အာဏာသိမ်းပြီးနောက် ဖွဲ့စည်း၊ တည်ထောင်၊ ရှင်သန်၊ ကြီးထွားလာနေသော ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ (ဝသပ) အား နှစ်ပေါင်း ၃၃ နှစ်ကျော်ကြာလာပြီးနောက် သုံးသပ်ကြည့်လျင် ၎င်း၏ ကိုယ်ကျိုးကိုယ်သာ ကြည့်သည့်ဝါဒကိုသာ အဓိက ကျင့်သုံးနေကြောင်း တွေ့ရသည်။
စစ်အာဏာရှင်များ ခေါင်းဆောင်နေသည့် တပ်မတော်အား မည်သည့်အခါကမျှ တိုက်ပွဲဝင်ခြင်းမရှိ။ စစ်အာဏာရှင်များက ခိုင်းစေသမျှကို နာခံလုပ်ဆောင်ကာ အကျိုးစီးပွား မျှဝေ ခံစားခဲ့သည်မှာ ယနေ့အချိန် အထိပင်။ ဗဟိုအဆင့်တွင်နေရာယူထားသည့် စစ်အာဏာရှင်များကိုသာ လေးစားခန့်ငြားစွာ ဆက်ဆံခဲ့သည်။
တချို့တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့များအား အကူအညီများပေးသည်မှာလည်း ၎င်း၏ ၀နယ်ဒေသကို ရန်ကာပေးသည့် အနေအထားမျိုးဖြင့် လှုပ်ရှားခုခံစစ်ဆင်နိုင်သောကြောင့် ဖြစ်သည်။ ပေးသည့်အကူအညီမှာ ၁၀% မျှထက်မပို။ ပြည်ထောင်စု နိုင်ငံတခုလုံးထံမှ နည်းမျိုးစုံဖြင့် အကျိုးစီးပွား ထုတ်ယူခံစားနေသည်မှာ လွန်ခဲ့သည့် ၃၃ နှစ်အတွင်း ၉၀% အနည်းဆုံးရှိနိုင်သည်။
ယင်းတို့ကို အသုံးပြု၊ ပြည်ထောင်စု၏ အရိပ်အာဝါသကိုခို၊ မူးယစ်ဆေးဝါး မသင်္ကာမှုဖြင့် နိုင်ငံတကာက ဝင်ရောက် အရေးယူနိုင်မည့် အနေအထားအား တိုင်းပြည်၏ အချုပ်အခြာအာဏာဟူသည့်ဒိုင်းကို ကိုင်စွဲအကာအကွယ်ယူလျက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (ဝသပ) အဖွဲ့အစည်း၏ အကျိုးစီးပွားကိုသာ အဓိက ထားဖော်ဆောင်လျက်ရှိသည်။
လွန် ခဲ့သည့် နှစ်ပေါင်း (၃၃) နှစ်ကျော်အတွင်း တပ်မတော် စစ်အာဏာရှင်များနှင့်ပေါင်းကာ လွတ်လပ်သည့် နိုင်ငံငယ်လေးတခု သဘွယ်ရပ်တည်နိုင်ခဲ့သော်လည်း ဝနယ်ဒေသအတွင်း အခြေစိုက်နေထိုင်လျက်ရှိသော တိုင်းရင်းသားပေါင်းစုံလူထုများ၏ဘ၀မှာ တစုံတရာမျှသာ တိုးတက်လာသည်။
သို့ရာတွင် တပါတီ အာဏာရှင်စနစ်ကိုသာ ကျင့်သုံးနေသည်။ ၀ နယ်အတွင်းရှိ တိုင်းရင်းသား ပေါင်းစုံလူထုအတွက် တဦးချင်းလွတ်လပ်မှုရော စုပေါင်းအခွင့်အရေးပါ အာမခံချက်မရှိ။ လူမှုလုံခြုံရေးအရ ကာကွယ် စောင့်ရှောက်မှုစနစ် တိတိကျကျ မတွေ့ရ။ လူထု၏ စီးပွားရေးဘ၀ ဖွံ့ဖြိုးရေးအတွက် ဈေုးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နိုင်ရန် ဥပဒေစိုးမိုးရေး၏ အခြေခံဖြစ်သော လွတ်လပ်သည့် တရားစီရင်ရေးပေါ်ပေါက်လာစေရေးအတွက် စီစဉ်ချမှတ်ဆောင်ရွက်နေမှုများ မတွေ့ရ။ လည်ပတ်လျက်ရှိသော တရားစီရင်ရေးသည် “ဝသပ” လက်အောက်ခံ တရားစီရင်ရေး ဖြစ်နေသည်။
“၀” လူငယ်များအပါအဝင် အခြားတိုင်းရင်းသားပေါင်းစုံလူငယ်များမှာ “ဝသပ”က တည်ထောင်ထားသော လက်နက်ကိုင် တပ်ကြီးတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ကြရရင်း ၎င်းတို့၏ ပညာသင်ကြားခွင့်အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း (၃၃) နှစ်ကျော်ကာလအတွင်း ၎င်းတို့ အဆင့်မြင့်သင်ကြားနိုင်မည့် ကောလိပ်၊ တက္ကသိုလ်တခုခုကိုမျှ ဝသပက တည်ထောင်မပေးခဲ့။ ပြည်ထောင်စုတခုလုံး၏ ရန်သူဖြစ်သော တပ်မတော်စစ်အာဏာရှင်များအား မည်သည့်အခါကမျှ မတိုက်ခဲ့ကြရ။ “ဝသပ”က ဦးဆောင်ကျင်းပသည့် နှစ်ပတ်လည် အခမ်းအနားများတွင် စစ်ရေးပြခြင်းများဖြင့်သာ ဘ၀ဆုံးလျက် ရှိကြသည်။
၎င်းစစ်ရေးပြအခမ်းအနားများသည် စစ်အာဏာရှင်များ ကြီးစိုးထားသည့် တပ်မတော်နှင့်အပြိုင် ပြုလုပ်နေကြောင်း၊ ပြည် ထောင်စုနိုင်ငံတခုလုံးအား ခြိမ်းခြောက်ရာ ရောက်နေကြောင်း ၎င်းတို့ကိုယ်တိုင် သိပုံမရ။ “ဝသပ” ခေါင်းဆောင်များသည် (စစ်အာဏာရှင်များနှင့် လည်ပင်းဖက်ထားသည့်) တပ်ကြီးကို စစ်ဆေးသည့် စစ်ကားများအပေါ်တွင် ခေါင်းမော့ ရင်ကော့ရပ်ကာ ယစ်မူးသာယာနေကြသည်။ တပ်မတော်ခေါင်းဆောင်များအား ချော့မြူပေါင်းသင်းထားခြင်းဖြင့် ပြည်ထောင်စု နိုင်ငံတဝှမ်းလုံးတွင် အခွင့်ထူးအရဆုံး အဖွဲ့အစည်းအနေဖြင့် ပေါ်ပေါ်ထင်ထင် ရပ်တည်လျက်ရှိသည်။
ယင်းမှာ အခြားတိုင်းရင်းသားပြည်နယ်များ၊ (ရှမ်းပြည်နယ်အတွင်းမှာပင်) အခြားနိုင်ငံရေး စစ်ရေးအင်အားစုများ ခံစားခွင့်ရှိသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို ချိုးဖောက်နေခြင်း ဖြစ်သည်။ ဥပဒေစိုးမိုးရေး၏ အရင်းခံမူတရပ်ဖြစ်သော ဥပဒေရှေ့မှောက်တွင် တန်းတူရေးကို ဖျက်ဆီးနေခြင်းဖြစ်သည်။
ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတွင် ပြည်ထောင် စု ဖွဲ့စည်းရာ၌ ပါဝင်သည့် ပြည်နယ်၊ ဒေသတခုခုကဖြစ်စေ၊ အင်အားစုတရပ်ရပ်ကဖြစ်စေ ထိုသို့ ရပ်တည်လုပ်ဆောင်နေသမျှ မည်သည့် အခါတွင်မျှ ဥပဒေစိုးမိုးရေးကို တည်ဆောက်နိုင်မည်မဟုတ်။ ဥပဒေစိုးမိုးရေးကို မတည်ဆောက်နိုင်လျင် ဖက်ဒရယ်စနစ် မည်သို့မျှ မအောင်မြင်နိုင်။
“ဝသပ” သည် ယင်းသို့ရပ်တည်လုပ်ဆောင်ကာ မြန်မာနိုင်ငံ၏ ဖက်ဒရယ်စနစ်အောင်မြင်ရေးကို ကြီးမားစွာ ဟန့်တားနေမှုမျိုး မပြုသင့်။ ကိုယ်ပိုင်ပြဌာန်းခွင့်ဟူသည်အား “ဝသပ” အပါအဝင် မည်သည့် နိုင်ငံရေးအင်အားစုများကမျှ တလွဲအသုံးချခွင့်မရှိ။ ကိုယ်ပိုင်ပြဌာန်းခွင့်သည် သက်ဆိုင်ရာပြည်နယ်၊ နယ်မြေ၊ ဒေသအတွင်း အခြေစိုက် ဘဝတည်ထောင်နေကြသော ဒေသခံ၏ ဌာနေတိုင်းရင်းသားနှင့် ပြည်နယ်သားများ၏ အခွင့်အရေးဖြစ်သည်။
၎င်းတို့၏ သဘောဆန္ဒအရ မဟုတ်ဘဲ “ဝသပ” ခေါင်းဆောင် တစုက “ဝ” ပြည်နယ် အမည်ခံယူကာ လုပ်ခြင်ရာလုပ်ခွင့်မရှိ။ ပြည်ထောင်စုနိုင်ငံအတွင်း ရှိ ကျန်ပြည်နယ်များအားလုံးနှင့် ၎င်းပြည်နယ်များအသီးသီးအတွင်းရှိ ဒေသခံ၏ဌာနေတိုင်းရင်းသားနှင့် ပြည်နယ်သားများ၏ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ပိုင်ခွင့်ကို ချိုးဖောက်ခွင့်မရှိ။
၎င်းအစား “၀” နယ်အတွင်းနေ တိုင်းရင်းသားပေါင်းစုံလူထုများက သဘောတူညီပါက ဝသပသည် မြန်မာနိုင်ငံမှ ခွဲထွက်ကာ သီးခြားနိုင်ငံတည်ထောင်သွားသင့်သည်။ သို့မဟုတ်ပါက ဝသပသည် ပြည်ထောင်စု၏ အရိပ်ကိုခို၊ ပြည်ထောင်စု၏အညွန့်အား ခူးစားနေပါလျက် ဥပဒေစိုးမိုးရေးအခြေခံတွင် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံအဖြစ် ပေါ်ထွန်းလာနိုင်မည့် အလား အ လာကို ဖျက်ဆီးနေမှုအား အမြန်ဆုံး ရပ်တန်းက ရပ်ရန်လိုအပ်သည်။
စစ်ကောင်စီ အာဏာရှင်များနှင့် လက်တွဲကာ အကျိုး စီးပွား ခံစားနေမှုများကို အဆုံးသတ်သင့်ပြီ။ ပြည်ထောင်စုတခုလုံး၏ ရန်သူဖြစ်နေသော မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်နေသည့် အခြားနိုင်ငံရေး စစ်ရေး အင်အားစုများနှင့် ထိရောက်စွာ လက်တွဲသင့်ပြီ။ ယင်းသို့ဖြင့်ပြည်ထောင်စုတခုလုံး၏ ရန်သူစစ်အာဏာရှင် စစ်ကောင်စီကို လက်တွေ့ ချေမှုန်းပြနိုင်ပါမူ ဝပြည်နယ်ရရှိရေးအား ကျန်တိုင်းရင်းသားပြည်နယ်များက လက်ခံစဉ်းစားလာကြလိမ့်မည်ဟု မြှော်မှန်းရပါသည်။
ဦးအောင်ထူး (ကျောင်းအုပ်၊ ဖက်ဒရယ်ဥပဒေအကယ်ဒမီ)
ရက်စွဲ။ ဖေဖော်ဝါရီလ (၂၈) ရက် ၂၀၂၃ ခုနှစ်
(စစ်ကိုင်းတိုင်းအတွင်းရှိ လူထုများနှင့် PDFs များအကြား ပုံနှိပ် ဖြန့်ဝေလျက်ရှိသော တူမီး စာစောင်တွင် ဖော်ပြခဲ့ပြီး
ဖြစ်သည့် တင်ပြချက်များအား အများပြည်သူပို၍ ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်ရန် အချိန်ကာလ ပြောင်းလဲ တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။ နှစ်ပတ်တကြိမ် ဆက်လက်တင်ဆက်သွားရန် ရည်ရွယ်ပါသည်။)