ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ ဗဟိုမဏ္ဍပ်နှင့် စမ်းချောင်းရဲစခန်းရှေ့ သင်္ကြန်ရေကစားမဏ္ဍပ် တို့ကို ဧပြီ (၈) ရက် ညပိုင်းမှာ အဝေးထိန်းဗုံး နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ တယ်လို့ Dark Shadow (YGN UG) အဖွဲ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။
စမ်းချောင်းမြို့နယ် ဓမ္မစေတီလမ်းပေါ် စမ်းချောင်းရဲစခန်းရှေ့ရှိ ရေကစားမဏ္ဍပ် နဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရှေ့ ပြည်သူ့ရင်ပြင်အတွင်းရှိ ဗဟိုမဏ္ဍပ် တို့ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အထိအခိုက်အခြေအနေများကို မသိရသေးပါဘူး။ Dark Shadow (YGN UG) တို့အဖွဲ့ဝင်အားလုံး ဘေးလွတ်ရာသို့ ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပြည်သူ့ရင်ပြင်နှင့် စမ်းချောင်းရဲစခန်းအနီးသို့ စစ်ကားအများအပြား ရောက်ရှိ၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူတစ်ဦးက ဆိုသည်။
( စစ်ကောင်စီက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဗဟိုမဏ္ဍပ်ဆောက်လုပ်နေစဥ်။ ဓာတ်ပုံ – PS)
“ မကြာမီ ကျရောက်မည့် သင်္ကြန်ပွဲကာလအတွင်းတွင်လည်း စစ်ကောင်စီကို အခွန်ပေးဆောင် ပြုလုပ်နေသည့် သင်္ကြန်ပါတီပျော်ပွဲ၊ ရွှင်ပွဲများနှင့် စစ်ကောင်စီကိုယ်စားပြု မြို့နယ်ရေကစားမဏ္ဍပ် များကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်သည်။ မိဘပြည်သူများ တော်လှန်သင်္ကြန်တွင် ပူးပေါင်းပါဝင်ပေးကြပါ။ စစ်ကောင်စီ ကျင်းပမည့် သင်္ကြန်ပွဲကို မပါဝင်ကြပါနဲ့။ ဆန့်ကျင်ပါရန် ကျွန်ုပ်တို့ Dark Shadow (YGN UG) မှ မေတ္တာရပ်ခံအပ်ပါသည် ” လို့ ရေးသားထုတ်ပြန်ထားတာပါ။
Dark Shadow အဖွဲ့သည် သင်္ကြန်ကာလတွင်ပြုလုပ်မည့် ဖျော်ဖြေရေးအစီအစဉ်များ၌ မြန်မာဒီဂျေများပါဝင်ခြင်းမပြုရန်လည်း သတိပေးထုတ်ပြန်ထားပါသေးတယ်။
Dark Shadow (YGN UG) အဖွဲ့အနေဖြင့် စစ်ကောင်စီမှ ကျင်းပသော သင်္ကြန်ပွဲကို လက်မခံကြောင်းနှင့် စစ်ကောင်စီအားပေးထောက်ခံသော သင်္ကြန်ပွဲဖြစ်မြောက်စေရန် ပူးပေါင်းပါဝင်နေသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု သတိပေးထုတ်ပြန်ထားရှိပါတယ်။