ချဲလ်ဆီးအသင်းဟာ ဘင်ဖီကာအသင်းက အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန်ဒက်စ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၇ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ်က ဂရီလစ်ရှ်ကို မန်စီးတီးအသင်းခေါ်ယူခဲ့တဲ့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကို ကျော်ဖြတ်ခဲ့တာပါ။

ဘင်ဖီကာအသင်းဟာ ဇန်နဝါရီကစားသမားစျေးကွက်နောက်ဆုံးနေ့မှာပဲ အန်ဇိုဖာနန်ဒက်စ်နဲ့ပတ်သက် တဲ့ မူပိုင်ခွင့်တွေအားလုံးကို ချဲလ်ဆီးအသင်းထံရောင်းချဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီလို့ အတည်ပြု ကြေညာခဲ့ပါတယ်။ အန်ဇိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လကမှ ဘင်ဖီကာအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းဝန်ကျင်နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၂၀၂၂ ကာတာကမ္ဘာ့ ဖလားပြိုင်ပွဲမှာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိသွားခဲ့ပြီးနောက်မှာ သူ့ရဲ့ပြောင်းရွှေ့ ကြေးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ အန်ဇိုဖာနန်ဒက်စ်ကြောင့် ယခုဆောင်းရာသီအပြောင်းအရွှေ့ စျေးကွက်အတွင်း ချဲလ်ဆီးအသင်းရဲ့ အသုံးစရိတ်ဟာ ပေါင် ၂၈၈ သန်းအထိ ရှိလာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဆောင်းရာသီစျေးကွက်အတွင်း မာဒူကီ၊ မော့ဒရစ်၊ ဖိုဖာနာ၊ ဘာဒီယာရှီး၊ ဂတ်တိုတို့ကို ဝယ်ယူခဲ့သလို အက်သလက်တီကိုက ပေါ်တူဂီတိုက်စစ်မှူး ဂျာအိုဖီးလစ်ကိုလည်း အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။