ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ ပြီးချိန်မှာ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်ဟာ ရာထူးက ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံးနည်းပြဖြစ်လာပါတယ်။ ဘွတ်ကီတွေရဲ့ ကြေးဖွင့်ချက်အရ နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲတွေ့ခဲ့တဲ့ ဝက်စ်ဟမ်းနည်းပြ မိုယက်စ်က ရေးပန်းအစားဆုံးဖြစ်လာခဲ့ပြီး အဲဗာတန်နည်းပြ ဖရန့်လမ်းပတ်၊ စပါးနည်းပြ ကွန်တီတို့လည်း ရေပန်းအစားဆုံးစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။
၂၀၂၃ နှစ်ဦးအစမှာပဲ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ နည်းပြတွေဟာ ဖိအားများလာခဲ့တာပါ။ ဒေးဗစ်မိုယက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပြန်လည်စတင်တဲ့ ပွဲစဉ် ၂ ပွဲမှာ ဘရန့်ဖို့ဒ်၊ အာဆင်နယ်တို့ကို ဆက်တိုက်အရေးနိမ့်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၄ ရက်နေ့မှာ ရင်ဆိုင်ကစားရမယ့် လိဒ်ယူနိုက်တက်နဲ့ပွဲမှာသာ ရလဒ်ကောင်းထွက်မလာခဲ့ဘူးဆိုရင် ထုတ်ပယ်ခံရဖို့ သေချာသလောက်ဖြစ်လာဖွယ်ရှိနေတာပါ။ ဘွတ်ကီတွေရဲ့အလေးပေးဖွင့်လှစ်မှုမှာ မိုယက်စ်ဟာ ထုတ်ပယ်ခံရဖို့ ၅ လေး ၄ လေးအထိ ရှိနေတာဖြစ်ပါတယ်။
သူ့နောက်မှာတော့ အဲဗာတန်နည်းပြ ဖရန့်လမ်းပတ်က ၃ လေး ၁ လေး၊ စပါးနည်းပြကွန်တီက ၁၁ လေး ၄ လေး ဖွင့်လှစ်ခြင်းခံထားရပါတယ်။ အလားတူပဲ လက်စတာနည်းပြ ရော်ဂျာက ၁၀ လေး ၁ လေး၊ ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ့တာကလည်း ၁၆ လေး ၁ လေးနဲ့ ဖွင့်လှစ်ခံထားရပါတယ်။
၂၀၂၂-၂၃ ပရီးမီးယားလိဂ်ဘောလုံးရာသီ ထက်ဝက်ကျိုးချိန်မှာ ထုတ်ပယ်ခံထားရတဲ့ နည်းပြ ၅ ဦးအထိ ရှိခဲ့ပြီး နောက်ထုတ်ပယ်ခံရမယ့် နည်းပြက ဒီရာသီ ထုတ်ပယ်ခံရတဲ့ ၆ ယောက်မြောက် ပရီးမီးယားလိဂ် နည်းပြဖြစ်လာမှာပါ။ အခုရာသီမှာ ဘုန်းမောက်နည်းပြစကော့ပါကား၊ ချဲလ်ဆီးနည်းပြတူချယ်၊ ၀ုဗ်နည်းပြ ဘရူနိုလေ့ချ်၊ အက်စတွန်နည်းပြစတီဗင်ဂျရတ်နဲ့ ဆောက်သမ်တန်နည်းပြ ဟာဆန်ဟတ်တို့ ထုတ်ပယ်ခံထားရတာဖြစ်ပါတယ်။