တော်လှန်ရေးမှာ ပေးဆပ်ခဲ့ကြသူတွေကို အမှတ်ရပြီး ကွဲပြားစုံလင်မှုတွေကနေ ညီညွတ်တဲ့အင်အားကို တည်ဆောက်ကာ မြဲမြံစွာ ဆုပ်ကိုင်ထားရမှ ာဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက မြန်မာ့နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံ ညီလာခံကို တက်ရောက်ပြီး အဖွင့်စကား ပြောကြားခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာလ (၂) ရက်မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
“ ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာ ကွဲပြားစုံလင်မှုတွေက ညီညွတ်တဲ့ အင်အားဖြစ်စေပြီး စစ်အာဏာရှင်စနစ်ကို အတူတကွ လက်တွဲ တိုက်ထုတ်နေကြတာဖြစ်ပါတယ်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
နွေဦးတော်လှန်ရေးမှာ ကိုးကွယ်ယုံကြည်မှုမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ ပါ၀င်ကြပြီး အားလုံးရဲ့ တူညီတဲ့ စိတ်အားထက်သန်မှုဟာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးဖြစ်တယ်ဆိုတာ မြင်တွေ့ရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်အာဏာရှင်တွေဟာ နေ့စဉ်လူမှုဘ၀ အတွေးအခေါ်အားလုံးကို ချုပ်ကိုင်နိုင်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပြီး နွေဦးတော်လှန်ရေးကတော့ အဲ့ဒီအတွေးအခေါ်အဟောင်း၊ အမူအကျင့်ဟောင်းတွေကို တွန်းလှန်ဖယ်ရှားကာ အဖိနှိပ်ခံတွေအချင်းချင်း ညီညွတ်မှုနဲ့ ကွဲပြားစုံလင်တဲ့ အင်အားကို ပြသနိုင်ခဲ့တယ်လို့ အထက်ပါပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။
အခုချိန်မှာ အကြမ်းဖက်စစ်ကောင်စီက ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားလာအောင် နည်းအမျိုးမျိုးနဲ့ သွေးထိုးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေတာကို သတိပြုရမှာဖြစ်ပြီး အဲ့ဒီလိုပဋိပက္ခတွေ ဖြစ်မလာဖို့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ယက်အနေနဲ့ ကြိုးစားဆောင်ရွက်နေမယ်ဆိုတာ ယုံကြည်ကြောင်း ဆိုပါတယ်။
ကွဲပြားစုံလင်မှုကို ညီညွတ်တဲ့အင်အားဖြစ်စေပြီး လွတ်လပ်မှု၊ တရားမျှတမှု၊ တန်စတူညီမျှမှုနဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို အာမခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တယ်လို့ သိရပါတယ်။