ဧပြီလ (၂၇)ရက်။
သံတောင်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၇၉မမ အလုံး (၂၀)နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ သံတောင်ကြီးမြို့ ဘောလဂိ-မော်ချီးလမ်း (၄၈)မိုင်က အကြမ်းဖက်စစ်အုပ်စုတပ်စခန်းကို ၇၉မမ အလုံး (၂၀)လောက်နဲ့ ပစ်ခတ်ခဲ့တာ၊ အခုမှထုတ်ပြန်တာက မြေပြင်အခြေအနေနဲ့ လိုင်းအခက်အခဲကြောင့်ပါ” လို့ ဆိုပါတယ်။
သံတောင်ကြီးမြို့ ဘောလဂိ-မော်ချီးလမ်း (၄၈)မိုင်ရှိ စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီလ (၁၆)ရက် ညနေ (၄)နာရီအချိန်က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်ကလဲ အဲ့ဒီတပ်စခန်းဆီ စစ်ကူလာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ စစ်ကောင်စီတပ်သား (၅)ဦးသေဆုံးခဲ့ပြီး (၇)ဦးဒဏ်ရာရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် မတ်လ (၂၈)ရက်နေ့မှာ တောင်ငူခရိုင်ရှိ ရဲတပ်ရင်း (၁၁)ကို ၇၉မမ (၁၀)လုံးတွဲ ထောက်ပြောင်းအတွဲလိုက်နဲ့ ပစ်ခတ်ခဲ့ရာ စခန်းဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးတွေကို Operation Flame(OF)အပါအဝင် NSA-31 အဖွဲ့နဲ့ Burma Rangers 21(BR21)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။








