ဧပြီလ (၂၅)ရက်။
ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် နတခတိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်ကို စစ်တပ်က တာဝန်ကနေ ဖယ်ရှားလိုက်တယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဧရာဝတီတိုင်းထဲ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာ (၂၂၈)ရွာကို တနှစ်ကျော်ကြာတဲ့အထိ ပြန်လည်မသိမ်းပိုက်နိုင်တာကြောင့် အခုလို တာဝန်ကနေ ဖယ်ရှားခံရတာလို့ ဆိုပါတယ်။
သူတာဝန်ယူတဲ့ ကာလထဲ နတခကွပ်ကဲမှုအောက်ရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် စုစုပေါင်း (၄၀၀)ကျော် သေဆုံးခဲ့ပြီး တပ်ဖျက်ပြေးသူ (၂၅၀)ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
နောက်ပြီး ခလရနဲ့ ခမရတွေကနေ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတွေကို ဖိအားပေး ရှေ့တန်းစေလွှတ်တာတွေကြောင့်လဲ လက်အောက်ခံအရာရှိတွေအကြား သူ့အပေါ် အမြင်မကြည်တာတွေ ဖြစ်ပေါ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
အခုလို နတခတိုင်းမှူးအနေနဲ့ တာဝန်ယူနေတဲ့ ဗိုလ်ချုပ် စိုးကျော်ထက်ကို ဖယ်ရှားခဲ့ပြီးနောက် စတသ(၃၃)ဆင်း ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်ကို အစားထိုးခန့်အပ်ခဲ့တာပါ။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး အခုနှစ် ဧပြီလအထိ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)တိုင်းမှူးနေရာကို စစ်တပ်က (၅)ဦးအထိ အပြောင်းအလဲပြုလုပ်ခဲ့တယ်လို့ ဒေသထဲသတင်းတွေက ဖော်ပြထားပါတယ်။
ဒီလို စစ်တိုင်းမှူးတွေ မကြာခဏ လဲလှယ်နေရတာဟာ ဧရာဝတီတိုင်းထဲ စစ်တပ်ရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေးယန္တရားတွေ ထိန်းချုပ်နိုင်စွမ်း ကျဆင်းလာတာကို ပြသနေတယ်လို့လဲ ပြောဆိုချက်တွေအရ သိရပါတယ်။








