ဘရာဇီးတိုက်စစ်မှူး ဖာမီနိုဟာ သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် ယခုရာသီအကုန်မှာ လီဗာပူးအသင်းကနေ ထွက်ခွါတော့မယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် ဖာမီနိုဟာ ၂၀၁၅ ခုနှစ်က ဂျာမန်ကလပ် ဟော့ဖန်ဟိမ်းအသင်းကနေ ပြောင်း ရွှေ့ကြေး ပေါင် ၂၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်အထိ လီဗာပူးအသင်းမှာ ၃၅၃ ပွဲကစား၊ ၁၀၇ ဂိုးသွင်းယူကာ၊ ဂိုး ၇၀ ဖန်တီးပေးထားနိုင်ခဲ့တဲ့ ဖာမီနိုဟာ စာချုပ်သစ်အတွက် အသင်းနဲ့ဆွေးနွေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ အသင်းက ထွက်ခွါမယ့်အစီအစဉ်ကိုသာ ရွေးချယ်သွားခဲ့တယ်လို့ လီဗာပူးနည်းပြဂျာဂင်ကလော့က ဆိုပါတယ်။
ဖာမီနိုဟာ လက်ရှိမှာ ဒဏ်ရာပြဿနာတွေရှိသလို ကစားသမားသစ်တွေဖြစ်တဲ့ ဂတ်ပို၊ နူနက်၊ ဂျိုတာ၊ လူး၀စ္စဒီယက်ဇ်တို့ကြောင့် ယခုရာသီမှာ အကန့်အသတ်နဲ့သာ ပွဲထွက်ကစားခွင့်ရရှိနေတာဖြစ်ပါတယ်။ ယခင်က လီဗာပူးအသင်းတိုက်စစ်မှာ ဖာမီနို၊ ဆာလက်၊ မာနေးတို့ တိုက်စစ် အတွဲညီခဲ့ပေမယ့် မာနေး ထွက်ခွါသွားပြီးနောက်ပိုင်းမှာတော့ ဆာလက်ရော၊ ဖာမီနိုပါ အကောင်းဆုံးပုံစံ ပျောက်ဆုံးသွားခဲ့ပါ တယ်။
ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၆ ပွဲကစားထားပြီး ၉ ဂိုးသွင်းယူကာ၊ ၄ ဂိုးဖန်တီးပေးထားတဲ့ ဖာမီနိုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင် ပွဲဝင် ဘရာဇီးအသင်းမှာလည်း ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။ ရာသီကုန်မှာ လီဗာပူးအသင်းက ထွက်ခွါတော့မှာဖြစ်ပေမယ့် ဘယ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတာတော့ ခုချိန်ထိ မသိရသေးဘဲ ဥရောပအသင်းတော်တော်များများကတော့ သူ့ကို စောင့်ကြည့်နေကြပါတယ်။