အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းရဲ့ သားဖြစ်သူ ရိုမီယိုဘက်ခမ်းဟာ ဘရန့်ဖို့ဒ်အသင်း B အသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ အသက် ၂၀ အရွယ် ရိုမီယိုဘက်ခမ်းဟာ ဖခင်ဖြစ်သူ ပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကနေ ဘရန့်ဖို့ဒ် B အသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။

ဒေးဗစ်ဘက်ခမ်းရဲ့ ဒုတိယမြောက်သားဖြစ်တဲ့ ရိုမီယိုဟာ အငှားစာချုပ်မတိုင်မီ ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ဘရန့်ဖို့ဒ် အရံအသင်းမှာ လေ့ကျင့်နေခဲ့တာလည်းဖြစ်ပါတယ်။ အခု အငှားစာချုပ်ကတော့ လက်ရှိရာသီကုန်အထိ ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ရိုမီယိုဟာ ဖခင်ဖြစ်သူ ဒေးဗစ်ဘက်ခမ်းလိုပဲ ညာတောင်ပံနေရာမှာ ကစားသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အင်တာမိုင်ယာမီ B အသင်းမှာ ပွဲ ၂၀ အထိ ပါဝင်ကစားခဲ့ပါတယ်။ အင်တာမိုင်ယာမီ B အသင်းနဲ့အတူ မေဂျာလိဂ် Next Pro လိဂ် ပွဲ ၂၀ မှာ ၂ ဂိုးသွင်းယူပြီး ၁၀ ဂိုးအထိ ဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ်အသင်းကို ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက်မှာ ရိုမီယိုက သူ့အနေနဲ့ လန်ဒန်အခြေစိုက် ဘရန့်ဖို့ဒ်အသင်းကို ပြောင်းရွှေ့လာနိုင်ခဲ့လို့ ဂုဏ်ယူဝမ်းမြောက်မိကြောင်းနဲ့ မေဂျာလိဂ် Next Pro ရာသီအပိတ်မှာ ကြံ့ခိုင်မှုအတွက် လာရောက်လေ့ကျင့်ခြင်းသာဖြစ်တယ်လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။
Era’sEye |SportNews