ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီဟာ ၄ နှစ်ကြာ စုံစမ်းစစ်ဆေးပြီးတဲ့နောက် မန်စီးတီးအသင်းကို အကြိမ် ၁၀၀ ကျော် ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ မန်စီးတီးအသင်းဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် သီခြားလွတ်လပ်တဲ့ကော်မရှင်မှ စစ်ဆေးပေးဖို့ ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက လွှဲပြောင်ပေးခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ မခိုင်မာတဲ့သက်သေများနဲ့ ပြုလုပ်ထားတဲ့ အဲဒီစွဲချက်အပေါ် အံ့အားသင့်မိကြောင်း ထုတ်ပြန် ကြေညာထားပါတယ်။ ဆက်လက်စစ်ဆေးမယ့် သီခြားလွတ်လပ်တဲ့ ကော်မရှင်ဟာ မန်စီးတီးအသင်းမှာ အပြစ်ရှိကြောင်းစစ်ဆေးတွေရှိပါက ဒဏ်ငွေ ဒါမှမဟုတ် အမှတ်လျှော့ ပြစ်ဒဏ်တွေ ချမှတ်ဖွယ်ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ ၂၀၀၈ ခုနှစ်က အဘူဒါဘီစီးပွါးရေးလုပ်ငန်းစုရဲ့ လွှဲပြောင်း ဝယ်ယူခြင်းခံခဲ့ရပြီးနောက်မှာ ပရီးမီးယားလိဂ်ဆုဖလား ၆ ကြိမ်အထိ ရရှိခဲ့ပြီး အောင်မြင်တဲ့အသင်းတစ်သင်းအဖြစ် အချိန်တိုတွင်း တည်ဆောက်နိုင်ခဲ့ပေမယ့် အဲဒီနောက်ကွယ်မှာတော့ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်ထားတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ထုတ်ပြန်ချက်မှာတော့ မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးစာရင်းတွေကို တိတိကျကျဖော်ပြလေ့မရှိဘဲ စပွန်ဆာကြေးများ၊ အသင်းလည်ပတ်တဲ့ စရိတ်တွေပါဝင်တဲ့ နှစ်စဉ်ဝင်ငွေရှင်းတမ်းမှာ လိမ်လည်ဖော်ပြမှုတွေပြုလုပ်ထားတာစစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နည်းပြတွေနဲ့ ကစားသမား လစာတွေကို အမှန်အတိုင်းဖော်ပြထားခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေတင်မဟုတ်ဘဲ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးမျှခြေစည်း မျဉ်းကိုလည်း ၂၀၁၃-၁၄ ဘောလုံးရာသီမှ ၂၀၁၇-၁၈ ဘောလုံးရာသီအတွင်း ချိုးဖောက်မှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။