ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်အနီးက ကော်သူးလေးတပ်မတော်၊ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် BGF တို့ တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေ မှာ မနေကြဖို့ နဲ့ လွတ်တဲ့နေရာတွေ တိမ်းရှောင်ပေးကြဖို့ ကော်သူးလေးတပ်မတော်က ဧပြီ ၇ ရက်နေ့စွဲနဲ့ သတိပေး ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။
ဧပြီလ ၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရွှေကုက္ကိုမြို့သစ်ဟာ စစ်ကောင်စီအတွက် တရားမဝင်ငွေကြေး(ငွေမဲ) ရှာဖွေပေးတဲ့ နေရာဖြစ်သလို မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲ ရောင်းချရာနေရာဖြစ်ပြီး၊ တိုင်းရင်းသူ အမျိုးသမီးတွေကို ပြည့်တန်ဆာအဖြစ် လိမ်လည်လှည့်ဖြားစေခိုင်းတဲ့နေရာ ဖြစ်တယ်လို့ ထုတ်ပြန်ဖော်ပြထားတာလည်းဖြစ်ပါတယ်။
သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာသည့် ရွှေကုက္ကိုဒေသခံများ။ / (Photo: Citizen Journalist)
စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ရဲ့လုပ်ဆောင်ချက်ဟာလည်း ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်စေဘဲ ကရင်ပြည်နယ်ပျက်စီးအောင် ဆောင်ရွက်နေတာကြောင့် ကော်သူးလေး တပ်မတော် အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက အခုလို တိုက်ပွဲဝင်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံ တစ်သောင်းကျော် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မြဝတီ – ကော့ကရိတ်အာရှ လမ်းမကြီးတစ်လျှောက်ကိုလည်း ဒေသခံတွေနဲ့ ခရီးသွားတွေအနေနဲ့ ဧပြီလ ၇ ရက်ကနေ ၂၁ ရက်နေ့အထိ ဖြတ်သန်းသွားလာတာ မလုပ်ဖို့ KNLA ပူးပေါင်း စစ်ကြောင်း တွေက သတိပေးထုတ်ပြန်ကြေညာထားပါတယ်။