၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်၊ ခေတ်မျက်လုံး။
မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် -YDF က ပြုလုပ်သည့် အပတ်စဥ် (၁၃) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ YDF က သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ်၊ နို၀င်ဘာလ (၁၀) ရက်နေ့က ကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားမှာ YDF ဦးဆောင်သူ ကိုမြတ်သူနဲ့ ညီနောင်မဟာမိတ်အဖွဲ့အစည်းတွေက အကြီးအကဲတွေ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းကာလအတွင်း ထူးချွန်ရဲဘော်တွေကိုလည်း ဆုများချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။
ယောကာကွယ်ရေးတပ် -YDF ကို ၂၀၂၁ ခုနှစ်၊ မေလ (၁၂) ရက်နေ့တွင် ကိုမြတ်သူက ဦးဆောင်ပြီး တည်ထောင်ခဲ့ပါတယ်။ တပ်ရင်းတပ်ဖွဲ့တွေကို ပြန်လည်မွန်းမံဖွဲ့စည်းပြီး COC ကို တည်ဆောက်ထားတယ်လို့ ကိုမြတ်သူက ခေတ်မျက်လုံးကို ပြောပါတယ်။






