၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်၊ ခေတ်မျက်လုံး။
ဒီကနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့မှာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ကွမ်းလုံကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့က အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ပြီး အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ ရုပ်သံ၊ ဓါတ်ပုံတွေနဲ့တကွ သတင်းထုတ်ပြန်လိုက်ပါတယ်။
အခုလို သိမ်းပိုက်နိုင်ခဲ့တဲ့ အပေါ် MNDAA က ‘’သမိုင်းတွင် အထူးဒေသ(၁) အုပ်ချုပ်နယ်မြေဖြစ်ခဲ့တဲ့ ကွမ်းလုံမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့’’ ပြီလို့ သတင်းထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကွမ်းလုံဒေသကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်မြင်မှုဟာ ‘’သမိုင်းကြောင်းတွင်အလွန်အရေးကြီးလှသည့်ဖြစ်ရပ်တစ်ရပ်’’ ဖြစ်ပြီး (၁၀.၂၇) စစ်ဆင်ရေး ကာလတလျှောက် အများပြည်သူများကို အန်မတန် အားတက်စေ တဲ့ သတင်းကောင်း တခုဖြစ်တယ် လို့လည်း ဖေါ်ပြထား ပါတယ်။
ကွမ်းလုံဟာ စစ်ကောင်စီအတွက် အရေးကြီးတဲ့အထိုင်စခန်းဖြစ်တဲ့အတွက် ကွမ်းလုံဗျူဟာကနေ ၂၄၀ မမ အတွဲလိုက်ဒုံးပစ်ကား ၂ စီး၊ ၁၂၂ မမ အတွဲလိုက်ဒုံးပစ်ကား ၁ စီးနဲ့ ဟောင်ဝစ်ဇာ ၂ လက်အပါအဝင် လက်နက်ခဲယမ်းတွေ အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် စစ်ကောင်စီ ပြောရေးဆိုခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကွမ်းလုံမှာ ဟထားတဲ့နေရာတွေ ရှိနေပြီး အဲ့ဒီနေရာတွေမှာ MNDAA တပ်ဖွဲ့ဝင်တွေက ခိုးဝင်ဓာတ်ပုံရိုက်ကူးခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။


























