ဆောက်သမ်တန်နဲ့ပွဲက ကွင်းလယ်လူ ကက်စ်မဲရိုးရဲ့ အနီကတ်ပြစ်ဒဏ်နဲ့ပတ်သက်ပြီး အယူခံဝင်မှာ မဟုတ်ဘူးလို့ မန်ယူအသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဂိုးမရှိသရေကျခဲ့တဲ့ အဲဒီပွဲစဉ်မှာ မန်ယူကွင်းလယ်လူ ကက်စ်မဲရိုးဟာ ပွဲချိန် ၃၂ မိနစ်အရောက် ဆောက်သမ်တန်ကွင်းလယ်လူ အဲလ်ကာရက်စ်နဲ့ ဘောလုံးယှဉ်လုရင်း ထိခိုက်မိရာကနေ ကွင်းလယ်ဒိုင် အန်တိုနီတေလာက တိုက်ရိုက်အနီကတ်ပြသခဲ့တာပါ။
အဲဒီပြစ်ဒဏ်ကြောင့် ကက်စ်မဲရိုးဟာ ၄ ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပြီး ဖူလ်ဟမ်နဲ့ရင်ဆိုင်ကစားရမယ့် အက်ဖ်အေဖလားပွဲအပါအဝင် နယူးကာဆယ်၊ ဘရန့်ဖို့ဒ်၊ အဲဗာတန်တို့နဲ့ ပွဲကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တိုက်ရိုက်အနီကတ်ဟာ ၃ ပွဲပယ်ပြစ်ဒဏ်သာ ကျခံရပေမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲတုန်းက အနီကတ်ထိခဲ့တာကြောင့် ဒုတိယအနီကတ်မှာ ၄ ပွဲပယ်ပြစ်ဒဏ်ကျခံရတာပါ။
ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာရဲ့ အနီကတ်ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မန်ယူပရိသတ်တွေ ဒေါသထွက်ခဲ့ကြရသလို မီဒီယာတွေရဲ့ ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ ကက်စ်မဲရိုးက ဘောလုံးကို ဝင်လုချိန်မှာ ဘောလုံးကို အရင်ဦးဆုံးထိခဲ့ပေမယ့် ခြေချော်သွားချိန်မှာမှ အဲလ်ကာရက်ဇ်ရဲ့ ခြေထောက်ကို ထိခိုက်မိခဲ့တာဖြစ်လို့ ရည်ရွယ်ချက်မပါဘူးလို့ သုံးသပ်မှုတွေလည်းရှိခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် ကက်စ်မဲရိုးဟာ ယခုရာသီမှာ မန်ယူအသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ဦးဖြစ်သလို အနီကတ် ၂ ကြိမ်ကြောင့် ၇ ပွဲပယ်ပြစ်ဒဏ်၊ အဝါကတ် ၅ ကြိမ်ကြောင့် ၁ ပွဲပယ်ပြစ်ဒဏ် စုစုပေါင်း ၈ ပွဲအထိ ပွဲပယ်ခံထားရပါတယ်။