တနင်္ဂနွေနေ့က ရင်ဆိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ မှာ ချဲလ်ဆီးအသင်းက ခရစ္စတယ် ပဲလေ့စ်အသင်းကို ကိုင်ဟာဗက်ဇ်ရဲ့ တစ်လုံးတည်းသော ခေါင်းတိုက်ဂိုးနဲ့ အနိုင်ယူပြီး ဖိအားအချို့ကို လျှော့ချနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ဆောင်းရာသီစျေးကွက်အတွင်းမှာ ခြေလှမ်းခပ်စိပ်စိပ်နဲ့ လှုပ်ရှားနေပေမယ့် အခုပွဲမှာတော့ မြို့ခံပြိုင်ဘက်ခရစ္စတယ်ပဲလေ့စ်အသင်းကို ရင်ဆိုင်ဖို့ ကစားသမားဟောင်းတွေကိုသာ ပွဲထုတ်လာခဲ့ပါတယ်။
တိုက်စစ်မှာ ကိုင်ဟာဗက်ဇ်ကို အထောင်ထားပြီး မေဆင်မောင့်၊ ချူကူမီကာ၊ ဇီယက်တို့ ကွင်းလယ်လူစုကို ပွဲထုတ်ရင်ဆိုင်ခဲ့တာပါ။ ခရစ္စတယ်ပဲလေ့စ်ကတော့ အယူး၊ ဇာဟာ၊ အိုလီဆီ၊ အီဇီစတဲ့ အဓိက ကစားသမားတွေနဲ့ မာမာထန်ထန်တုံ့ပြန် ရင် ဆိုင်ခဲ့လို့ ချဲလ်ဆီးအသင်းအတွက် အိမ်ကွင်းမှာ ရင်ဆိုင်ရခက်ခဲခဲ့ပါတယ်။

ပွဲချိန်ပထမပိုင်းမှာ ချဲလ်ဆီးအသင်းဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် ဒုတိယပိုင်းမှာတော့ တိုက်စစ်အားကိုမြှင့်တင်ဖို့အတွက် ကွင်းလယ်လူ ချူကူမီကာနေရာမှာ အူဘာမီယန်ကို အစားထိုးပြီး ၄-၄-၂ ပုံစံ ပြောင်းလဲကစားခဲ့ရာမှာ ချဲလ်ဆီးရဲ့တိုက်စစ် ပိုမိုအားကောင်းလာခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်နောက်တန်းကို ဖိအားပေးခဲ့ရာမှာ ပွဲချိန် ၆၄ မိနစ်အရောက် ကိုင်ဟာဗက်ဇ်က ဇီယက်ရဲ့ ဖြတ်တင်ဘောကို ပိုင်ပိုင်နိုင်နိုင်ခေါင်းတိုက်သွင်းယူခဲ့လို့ ချဲလ်ဆီးအသင်း ဦးဆောင်ဂိုးရခဲ့တာပါ။

ချဲလ်ဆီးအသင်းဂိုးရပြီးနောက်ပိုင်း နှစ်သင်းစလုံးရဲ့ ကစားပုံ ပိုမိုမြိုင်ဆိုင်လာခဲ့ပြီး ချဲလ်ဆီးအသင်းက နောက်ထပ်တစ်ကြိမ် အပိုင်ခေါင်းတိုက်ခွင့် ထပ်မံရခဲ့ပေမယ့် လွဲချော်ခဲ့ရသလို ခရစတယ်ပဲလေ့စ်ကွင်းလယ်လူ ဒူကိုရီရဲ့ အဝေးကန်ချက်ကလည်း ချဲလ်ဆီးဂိုးသမား ကီပါ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့သာ ဂိုးတွေ ထပ်မရဘဲ ချဲလ်ဆီးအသင်း ကပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနိုင်ပွဲကြောင့် ချဲလ်ဆီးအသင်းဟာ ပြိုင်ပွဲစုံ ၄ ပွဲဆက်နိုင်ပွဲပျောက်မှုကို ရပ်တန့်နိုင်ခဲ့ပြီး နည်းပြဂရေဟမ်ပေါ့တာအတွက်လည်း ဖိအားလျော့သွားခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ ပြိုင်ပွဲစုံ ၄ ပွဲမှာ စတုတ္ထမြောက်ရှုံးပွဲတွေ့ခဲ့ရတာဖြစ်ပါတယ်။
Era’sEyes |#SportNews