၂၀၂၃ ခုနှစ် ၊ မတ် (၁၅) ရက် ၊ ခေတ်မျက်လုံး။
မန်ယူအသင်းဟာ လာမယ့်နွေရာသီမှာ ဖရန့်ဖတ်တိုက်စစ်မှူး ကိုလိုမူအာနီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ကိုလိုမူအာနီကို ပီအက်စ်ဂျီအသင်းနဲ့ အပြိုင် မန်ယူအသင်းက စိတ်ဝင်စားနေတာဖြစ်ပြီး ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ကိုလိုမူအာနီဟာ ပြီးခဲ့တဲ့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး မန်ယူအသင်းက လာမယ့်ရာသီသစ်မှာ တိုက်စစ်အင်အားကို မြှင့်တင်ဖို့အတွက် ခေါ်ယူဖို့ ဆန္ဒရှိနေတာဖြစ်တယ်လို့ ဂျာမန်သတင်းစာ BILD က ဖော်ပြခဲ့တာပါ။ အသက် ၂၄ နှစ်သာရှိသေးတဲ့ ကိုလိုမူအာနီဟာ ပြီးခဲ့တဲ့ နွေရာသီက နန့်တက်စ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဖရန့်ဖတ်အသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။
လက်ရှိမှာ ဖရန့်ဖတ်အသင်းက ကိုလိုမူအာနီအတွက် ပေါင်သန်း ၉၀ သတ်မှတ်ထားပေမယ့် မန်ယူအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေကြချိန်မှာ ပြောင်းရွှေ့ကြေးက ပိုမိုမြင့်တက်လာဖို့ရှိနေပါတယ်။ အခြားသတင်းတွေအရတော့ မန်ယူအသင်းဟာ ကွင်းလယ်ကစားသမား ပယ်လစ္စထရီနဲ့ နောက်ခံလူ အီလန်ဂါတို့ကို နွေရာသီစျေးကွက်အတွင်း အငှားချထားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။