ဆော်ဒီကလပ် အဲလ်ဟီလာအသင်းဟာ ပီအက်စ်ဂျီအသင်းမှာ ဆက်ကစားဖို့မသေချာတော့တဲ့ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီကို တစ်နှစ်လုပ်ခလစာ ပေါင် ၁၉၄ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေ တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ မက်ဆီရဲ့အေဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ ဖခင်ဖြစ်သူ ဂျော့ကို ဆော်ဒီအာရေဗျနိုင်ငံ ရီယက်မြို့မှာ ရောက်ရှိနေတဲ့ ဓါတ်ပုံတွေ လူမှုကွန် ယက်စာမျက်နာမှာ ပြန့်နှံ့လာခဲ့ပြီးတဲ့နောက် အခုလို သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာခဲ့တာပါ။
အသက် ၃၅ နှစ်အရွယ်မက်ဆီဟာ ယခုရာသီကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး လက်ရှိအချိန်ထိတော့ စာချုပ်သစ်အတွက် နှစ်ဖက်စလုံးက စိတ်ဝင်စားခြင်းမရှိတာကြောင့် မက်ဆီအနေနဲ့ ရာသီကုန်မှာ အသင်းပြောင်းဖွယ်ရှိနေတာဖြစ်ပါတယ်။



မက်ဆီရဲ့ဖခင်ဖြစ်သူ ဂျော့ဟာ သားဖြစ်သူရဲ့ မရေရာတော့တဲ့ အနာဂတ်အတွက် လုပ်ခလစာများများရနိုင်မယ့် ဆော်ဒီမှာ အသင်းတွေနဲ့ဆွေးနွေးနေတာဖြစ်ပြီး စပိန်နိုင်ငံက မာကာသတင်းစာရဲ့ဖော်ပြချက်မှာတော့ မက်ဆီကို မြင့်မားတဲ့လစာနဲ့ အဲလ်ဟီလာအသင်းက စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။
ရာသီကုန်မှာ ဆော်ဒီလိဂ်ကို မက်ဆီ ပြောင်းဖြစ်မယ်ဆိုရင်တော့ သူ့ရဲ့မဟာပြိုင်ဘက်ဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ ဆက်လက်ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။ စီရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အဲလ်နာဆာအသင်းကို တစ်နှစ်လုပ်ခလစာပေါင် ၁၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။