၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တပ်ဖွဲဝင်တွေဟာပဲခူးတိုင်း၊ ရွှေကျင်မြိုနယ်၊ ကျားချောင်းရွာအနီးရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခမရ (၃၅၁) တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ BPLA က သတင်းထုတ်ပြန်ထားပါတယ်။
မိနစ် (၂၀) ကြာ အပြန်အလှန်ပစ်ခတ်ပြီးချိန်မှာ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျ မသိရပေမယ့် စစ်ကောင်စီစခန်းတစ်ခုလုံးကို မဟာမိတ်ပူးပေါင်းအဖွဲက သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းတွေက ၆၀မမ ၁လက်၊ ၆၀ မမ ဗုံးသီး (၅၂) လုံး၊ Jammer (၁) ခု၊ စကားပြောစက်အကြီး (၁) လုံး၊ အီနာဂါ (၁၃) လုံး၊ လက်ပစ်ဗုံး (၂၀) လုံး၊ RPGသီး (၂၂) လုံး၊ RPG ပိုယမ်း (၁၆) ခု၊ တင့်ဖျက် (၃) ခု၊ ၄၀ မမသီး (၁၂) လုံး၊ မြေမြှုပ်မိုင်း (၉) လုံး နှင့် ၅.၅၆ ကျည် (၁၁၂၈) တောင့်တို့ ဖြစ်တယ်လို့ ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။
BPLA အနေနဲ့ စစ်အာဏာရှင်အမြစ်ဖြတ်နိုင်ရေးအတွက် တောင်ပိုင်း အမှတ် (၁၀၇) စစ်ဒေသနဲ့ မြောက်ပိုင်း အမှတ် (၂၀၃) စစ်ဒေသတို့မှာ မဟာမိတ်တွေအိမ်းအတူ ညီညွတ်စွာ ပူးပေါင်းတိုက်ခိုက်နေတယ်လှီ အသိပေးထုတ်ပြန်ထားပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) ကို ကဗျာဆရာ မောင်ဆောင်းခ အပါအဝင် တက်ကြွလှုပ်ရှားသူ ၁၇ ဦးနဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ်။
မောင်ဆောင်းခရဲ့ အဆိုအရ BPLA ရဲ့ ရည်ရွယ်ချက်တွေထဲမှာ ဗမာ ဗုဒ္ဓဘာသာများ လွှမ်းမိုးချုပ်ကိုင်မှု ရပ်တန့်ရေး အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအောက်မှာ မြန်မာနိုင်ငံရှိ မတူကွဲပြားတဲ့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှု ခိုင်မာစေရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအမည်ခံ၍ နိုင်ငံရေးအပေးအယူ အလျှော့အတင်း မလုပ်ရေးနဲ့ “ ဗမာပြည်နယ်” ဒါမှမဟုတ် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုမှာ ဗမာအမှတ်အသားကို အခြေခံတဲ့ မဲဆန္ဒနယ်မြေတစ်ခု အသိအမှတ်ပြုရေးတို့ပဲ ဖြစ်ပါတယ်။
NUG-MOD ရဲ့ တိုက်ရိုက်ကွတ်ကဲမှုအောက်မှာ မရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်ပြီး ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အခြေပြုလှုပ်ရှားနေတယ်လို့ သိရပါတယ်။








