ဒီဇင်ဘာလ (၁၉)ရက်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးဝင်လာတာတွေကြောင့် အနီးရှိကျေးရွာပေါင်း (၁၇)ရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။
ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၆ရက်နေ့ကစပြီး စစ်ကြောင်းထိုး ဝင်လာကာ ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ စစ်ကြောင်းက ဒီဇင်ဘာ (၁၆)ရက်ကစပြီး မုတ်ဆီရွာ ညောင်လှမူးဆုံကို ဝင်လာတာ၊ ပျော်ဘွယ် မစိုးရိမ်ရွာတွေကို ဆက်ဝင်လာပြီး ဆီဆိုင်အဟောင်းနှစ်ခုကို မီးရှို့ခဲ့သေးတယ်။ (၁၇)ရက်နေ့က အောင်ချမ်းသာရွာက ကားတစ်စီးကို မီးရှို့တယ်။ နောက်ပြီး ပြည်သူပိုင် စပါးရောင်းရငွေနဲ့ ရွှေတိုရွှေစတွေကို ခိုးသွားတယ်။ ပင်စည်ရွာကိုလည်း မီးရှို့ခဲ့သေးတယ်၊ (၁၈)ရက်မှာတော့ ခွင့်တောင်းရွာကို မီးရှို့ပြီး ပုဂံရွာဘက် ဝင်မီးရှို့ခဲ့တယ်” လို့ အဖွဲ့က ပြောဆိုထားပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ (၁၉)ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းဟာ ပုဂံကျေးရွာကနေ လက်တီးကျေးရွာကို ဝင်ရောက်ခဲ့တာဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် ယင်းတွေကျေးရွာဘက် ဦးတည်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ရေဦး-ဒီပဲယင်းလမ်းဘေးက မုတ်စီ၊ ငြုတ်တုံ၊ ညောင်လှမူးဆုံ၊ ပျော်ဘွယ်၊ မစိုးရိမ်၊ ကံပြားကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် စစ်ကြောင်းဦးတည်နိုင်တဲ့ ကျေးရွာတွေဖြစ်တဲ့ အောင်ချမ်းသာ၊ ပင်စည်၊ ခွင့်တောင်း၊ ပုဂံ၊ လက်တီး၊ ယင်းတွေ၊ ငြိမ်းချမ်းရွာသစ်၊ မဲသည်၊ ဝပါ၊ မှန်သာ၊ အင်းတန်း စတဲ့ကျေးရွာတွေလည်း တိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။