နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 20 ရက်

ဆောင်းပါးများ

ဆောင်းပါးများ

ဖက်ဒရယ်ဥပဒေအကယ်ဒမီက ပြုစုသော မြန်မာနိုင်ငံနှင့် သင့်တော်မည့် ဖက်ဒရယ်စနစ် အဆိုပြုချက် – အပိုင်း (၃)

ဥပဒေစိုးမိုးရေး အခြေခံမှနေ၍ လူ့အခွင့်အရေးကို ဦးတည်ရန်လိုအပ်မှု။

ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံတကာ အတွေ့အကြုံများမှ ထုတ်နုတ်ကာ မြန်မာနိုင်ငံနှင့် နိုင်းယှဉ်တင်ပြပါမည်။

ယူဂိုဆလားဗီးယားဆိုရှယ်လစ်ဖက်ဒရယ် သမ္မတနိုင်ငံ။

ယူဂိုဆလားဗီးယားဆိုရှယ်လစ်ဖက်ဒရယ် သမ္မတနိုင်ငံ။


၎င်းသည်ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ပေါ်ပေါက်လာခဲ့သည်။ ပြည်ထောင်စု အဖွဲ့ဝင်သမ္မတနိုင်ငံ ခြောက်ခုရှိခဲ့သည်။ (1) ၁၉၈၀ ခုနှစ်များအတွင်း စီးပွားရေး အကျပ်အတည်းများ၊ နိုင်ငံရေးအတွေးအခေါ် အားပြိုင်မှုများ၊ တိုင်းရင်းသားအခြေပြု အမျိုးသားရေးဝါဒခြင်း ပဋိပက္ခဖြစ်သည့် ပြဿနာများ ပေါ်ပေါက်လာခဲ့ပြီးနောက် ဥပဒေစိုးမိုးရေးအခြေခံများ ပျက်စီးကာ ၁၉၉၂ ခုနှစ်တွင် ပြိုကွဲသွားခဲ့သည်။ ၎င်းတို့အနက် အောက်ပါ အကြောင်း သုံးရပ်သည် နောက်ခံအခြေအနေများဖြစ်သည်။

(၁) ဘော့စနီးယား၊ ဟာဇီဂိုဘီးနားတွင် ဘော့စနီးယက်၊ ဆာ့ဗ် နှင့် ခရိုးဝက် ဟူသည့် တိုင်းရင်းသားလူမျိုး သုံးအုပ်စုတို့၏ အားပြိုင်မှု၊
(၂) ကော့ဆိုဗို ရှိ အယ်လ်ဘေးနီးယန်း လူမျိုးများက လွတ်လပ်ရေး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုမှု၊
(၃) ခရိုအေးရှားရှိ ဆာ့ဗ်လူမျိုး လူနည်းစုနှင့် ခရိုးဝက်များ အတိုက်အခံ ဖြစ်ပွားခဲ့မှု။

၁၉၈၇ မှ ၂၀၀၀ ခုနှစ်အတွင်း ဆာ့ဗ်လူမျိုးလူများစု၏ ခေါင်းဆောင် ဖြစ်ခဲ့သူ ဆလိုဗိုဒင် မီလိုဆိုးဗစ်အား တိုင်းရင်းသား အမျိုးသားများ အချင်းချင်း ကွဲပြားမှုများ ဖြစ်ပေါ်စေခဲ့သည့် အဓိကတရားခံအဖြစ် မှတ်ယူကြသည်။ ၎င်းအား အစွန်းရောက် အမျိုးသားရေးဝါဒသမားနှင့် မဟာလူမျိုးကြီးဝါဒကို လှုံ့ဆော်သူ အဖြစ်သတ်မှတ်ကြသည်။ ၎င်းသည် ယူဂိုဆလားဗီးယား နိုင်ငံတွင်ရှိ ဆာ့ဗ်သမ္မတနိုင်ငံ၏ သမ္မတအဖြစ် ၁၉၈၉ မှ ၁၉၉၇ ခုနှစ်အထိလည်းကောင်း၊ ယူဂိုဆလားဗီယား ဖက်ဒရယ်နိုင်ငံ တခုလုံး၏သမ္မတအဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိလည်းကောင်း ထမ်းဆောင်ခဲ့သည်။ ဘော့စနီးယန်းစစ်ပွဲ၊ ခရိုအေးရှားလွတ်လပ်ရေးစစ်ပွဲနှင့် ကော့ဆိုဗိုစစ်ပွဲများအတွင်း နိုင်ငံတကာအဆင့် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်ခဲ့ ကြောင်းဖြင့် ၎င်းအား ကုလသမဂ္ဂက ဦးဆောင်လျက် ယူဂိုဆလားဗီးယားနိုင်ငံဟောင်းအတွက် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (2) တခုဖွင့်လှစ်ကာ မှုခင်းကို စစ်ဆေးနေစဉ် ၂၀၀၆ ခုနှစ်တွင် အကျဉ်းထောင်အတွင်း နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

စစ်ပွဲများ ဆိုးဆိုးဝါးဝါးဖြစ်ပွားကာ ပြိုလဲပျက်စီးသွားခဲ့သော ဖက်ဒရယ်ယူဂိုဆလားဗီးယားနှင့် စပ်လျဉ်း၍ ပါမောက္ခ Rebert M. Heyden က ဖက်ဒရယ်ယူဂိုဆလားဗီးယားနိုင်ငံ နိဂုံးချုပ်ခြင်း၏ အစ ဟူသောခေါင်းစဉ်ဖြင့် ၁၉၉၂ ခုနှစ်တွင် စာအုပ်တအုပ် ရေးခဲ့သည်။ ယင်းမှအောက်ပါတို့ကို ထုတ်နုတ်တင်ပြပါသည်။

၁၉၉၁ ခုနှစ်နွေရာသီတွင် ယူဂိုဆလားဗီးယားနိုင်ငံအတွင်းတည်ထောင်ထားခဲ့သောသမ္မတနိုင်ငံများအကြား
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြပ်အတည်းပေါ်ပေါက်ခဲ့ပြီး စစ်ပွဲများဖြစ်ပွားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တည်ထောင်ထားခဲ့သော ယန္တရားများသည် နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ခြင်းမရှိတော့။
သမ္မတနိုင်ငံများစုဖွဲ့မှုဖြင့် တည်ထောင်ထားသည့် ဗဟိုကွပ်ကဲမှုနည်းလွန်းသောပြည်ထောင်စုတွင် သမ္မတ
နိုင်ငံတခုချင်းစီ၌ စနစ်တကျ စုဖွဲ့ထားသော အစိုးရများရှိသည်။ ယင်းမှာ သီးခြားခွဲထွက်လိုသူများအား ပြည့်ပြည့်၀၀ တည်ထောင်ထားသော နိုင်ငံတခုအဖြစ်သို့ပြောင်းလဲသွားစေခဲ့သည်။

နိုင်ငံရေးသိပ္ပံပညာရှင် Slobodan Samardzic က ယူဂိုဆလပ်နိုင်ငံ၏ ဖက်ဒရယ်စနစ်အား တိုက်ခိုက်ရန် စိတ်အား ထက်သန်သော ဖက်ဒရယ်စနစ် (Combative Federalism) ဟု အမည်ပေးသည်။ ပြည်ထောင်စု နိုင်ငံအနေဖြင့် ပါဝင်ဖွဲ့စည်းထားသော သမ္မတနိုင်ငံ ခြောက်ခုအကြားတွင် ဖက်ဒရယ်စနစ်၏ အရေးကြီးမှုနှင့် စပ်လျဉ်း၍ အငြင်းပွားမှုများပေါ်ပေါက်ပါကဖြေရှင်းရန် ဆွေးနွေးကြသောအခါ ဗီတိုအာဏာသုံး၍ ပယ်ချနိုင်ခွင့်အား သမ္မတနိုင်ငံ တခုချင်းစီသို့ အပ်နှင်းထားသည်။

ယူဂိုဆလားဗီးယားဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မိမိနှင့် မသက်ဆိုင်တော့ကြောင်းဖြင့် ဆလို ဗေးနီးယား သမ္မတနိုင်ငံက ၁၉၈၉ ခုနှစ်စက်တင်္ဘာလတွင် ကြေငြာခဲ့သည်။ သို့ဖြစ်၍ ယူဂိုဆလားဗီးယား ဖက်ဒရယ်နိုင်ငံ၏ ရပ်တည်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြစ်နိုင်တော့။ ပြည်တွင်းစစ်ကို ရှောင်လွှဲ၍ မရနိုင်တော့။

ပြည်တွင်းစစ်ဖြစ်သောအခါတွင် စစ်ဥပဒေဟုခေါ်တွင်သည့် နိုင်ငံတကာလူသားချင်းစာထောက်ထားသည့် ဥပဒေကို မလိုက်နာခဲ့ကြ။ ဆားဗီးယန်း တပ်မတော်သည် လူ့အခွင့်အရေးချိုးဖောက်မှုများအနက် အပြင်းထန်ဆုံးသော ပြစ်မှုကြီး များထဲတွင် ပါဝင်သည့် တိုင်းရင်းသားမျိုးဖြုတ်မှု (Ethnic Cleansing) ကို ကျူးလွန်ခဲ့သည်။(3) ၁၉၉၀ ခုနှစ် သြဂုတ်လမှ ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ခရိုအေးရှားတွင် ဆားဗီးယန်းတပ်များနှင့် လက်တွဲတိုက်ခဲ့ကြသူများအား ခရိုအေးရှား ပါလီမန်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။(4) ယင်းသို့ဖြင့် ဥပဒေစိုးမိုးရေးအခြေခံပျက်စီးပြီး လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်နိုင်ခြင်း မရှိတော့။

ဥပဒေစိုးမိုးရေးအခြေခံသည် လူ့အခွင့်အရေးကို ဦးတည်ကာ ကာကွယ်စောင့်ရှောက်ခြင်းမပြုသည့်အခါ တိုင်းရင်းသား အခြေပြု အမျိုးသားရေးဝါဒ အားပြိုင်မှုများကို စနစ်တကျဖြေရှင်းနိုင်စွမ်း မရှိတော့ဘဲ ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲသွားခဲ့ကြောင်း သင်ခန်းစာ ယူနိုင်ပါသည်။

ယူဂိုဆလားဗီးယားနိုင်ငံ နှင့် မြန်မာနိုင်ငံကို နိုင်းယှဉ်လေ့လာရန် လိုအပ်လာပါသည်။ မြန်မာနိုင်ငံ အနေဖြင့် တင်းကြပ်သော ဗဟိုချုပ်ကိုင်မှုစွန့်လွှတ်ရန်မှာ ယူဂိုဆလားဗီးယားနိုင်ငံထက်ပင် ပို၍လိုအပ်လာသည်။ ယူဂိုဆလားဗီးယား နိုင်ငံတွင် သမ္မတမာရှယ်တီးတိုး၏ အုပ်ချုပ်မှုအောက်တွင် ဆိုရှယ်လစ်စနစ်ကို တည်ထောင်ကာ တစုံတရာ တင်းကြပ်သော ဗဟိုချုုပ်ကိုင်မှုအား ၁၉၇၄ ခုနှစ်အထိ ကျင့်သုံးခဲ့သည်။ သို့ရာတွင် ပြည်ထောင်စုဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည့် ယူနစ်များအတွင်းတပြေးညီ မဟုတ်ခဲ့သော်လည်း စီးပွားရေးတိုးတက်မှုနှင့် တိုင်းပြည်တည်ငြိမ်မှုကို နှစ်အတော်ကြာ ခံစားခဲ့ရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးတိုးတက်ခဲ့သည်မှာ ၁၉၄၈ မှ ၁၉၆၂ ခုနှစ်အထိသာရှိခဲ့သည်။ ၁၉၆၂ ခုနှစ်စစ်အာဏာ သိမ်းပြီးနောက် တင်းကြပ်သော ဗဟိုချုပ်ကိုင်မှုဖြင့် စစ်အာဏာရှင်စနစ်ကို ယနေ့အထိ အဆက်မပြတ် နှစ်ပေါင်း ၆၀ ကျော် ကျင့်သုံးခဲ့သည်။ တိုင်းပြည်သည် မည်သည့်အခါကမျှ တည်ငြိမ်ဖွံဖြိုးပြီး စီးပွားရေး တိုးတက်ခွင့် မရခဲ့ပါ။ ယခု မင်းအောင်လှိုင် လက်ထက်တွင် ဗဟိုချုပ်ကိုင်မှု အတင်းကြပ်ဆုံး ဖြစ်သည်။ ယင်းကို လုံးဝစွန့်လွှတ်ရပါလိမ့်မည်။ အဓိက နိုင်ငံရေးအာဏာအား ဗဟိုမှာ ထားရှိ၍မရတော့။ သို့မှသာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပါမည်။ ဤသည်မှာ ဘက်တဘက် ဖြစ်သည်။

အခြားဘက်တဘက်တွင် နိုင်ငံတကာဥပဒေအရရော ပြည်တွင်းဥပဒေအရပါ မြန်မာနိုင်ငံတွင် တရားအဝင်ဆုံး နိုင်ငံရေးစာချုပ်ဖြစ်သည့် ပင်လုံစာချုပ်အား ဥပက္ခာပြုထားခဲ့သည်မှာ ၇၅ နှစ်ရှိသွားခဲ့ပါပြီ။ သို့ဖြစ်၍
(မြန်မာပြည်နယ်အပါအဝင်) တိုင်းရင်းသားပြည်နယ်များအား ပင်လုံစာချုပ်၏ အနှစ်သာရဖြစ်သည့် ကိုယ်ပိုင်
ပြဋ္ဌာန်းခွင့်ကို အမြန်ဆုံး ပြန်လည်အပ်နှင်းရပါမည်။ အချုပ်အခြာအာဏာကို အဓိကအားဖြင့် ပြည်နယ်များ
တွင် ကျင့်သုံးခွင့်အား ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ ဖော်ဆောင်ရပါတော့မည်။ အဆိုပါဘက်နှစ်ဘက် လိုအပ်ချက်ကို အမြန်ဆုံဖြည့်ဆည်းရန်မှာ သမိုင်းတာဝန် တရပ်ကဲ့သို့ ဖြစ်လာပါသည်။

သို့ရာတွင် လက်တွေ့မည်ကဲ့သို့ဖော်ဆောင်မည်နည်း။ ယူဂိုဆလားဗီးယား ဖက်ဒရယ်နိုင်ငံ မရှုမလှ ပြိုကွဲသွားခဲ့သော ဖြစ်ရသည် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ မြန်မာနိုင်ငံပြိုကွဲပါက ၎င်းထက်အဆများစွာ ပိုမိုဆိုးပါမည်။ ယူဂိုဆလားဗီးယားနှင့် မြန်မာနိုင်ငံမတူသော အခြေအနေတချို့ရှိသည်။ ပထမမှာ နိုင်ငံရေးပထဝီအရ မြန်မာနိုင်ငံ၏ အရေးပါမှုဖြစ်သည်။ ၎င်းအပေါ် အမေရိကန်အပါအဝင် အနောက်ဒီမိုကရေစီနိုင်ငံများရော၊ ရုရှ နှင့် တရုပ်နိုင်ငံတို့ပါ စိတ်ဝင်စားကြသည်။ ဒုတိယမှာ နိုင်ငံတကာအဆင့် ရာဇဝတ်ပြစ်မှုကြီးများကျူးလွန်မှုဖြစ်သည်။

ယူဂိုဆလားဗီးယားနိုင်ငံအား နှစ်ပေါင်း ၃၆ နှစ်မျှအုပ်ချုပ်သွားခဲ့သည့် မာရှယ်တီးတိုးသည် ၎င်းကွယ်လွန်သွားခဲ့သည့် ၁၉၈၀ ခုနှစ် အထိ နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူထုများအပေါ် အဆိုပါ ပြစ်မှုကြီးများ ကျူးလွန်ခဲ့ကြောင်း နိုင်ငံတကာကနေ နည်းလမ်းတကျ စွပ်စွဲအရေးယူမှု မရှိခဲ့။ မြန်မာနိုင်ငံတွင်မူ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များအပေါ် နိုင်ငံတကာ တရားရုံးကြီးနှစ်ခုလုံးက အရေးယူလျက်ရှိသည်။ နောက်ထပ် နိုင်ငံတကာ အထူးတရားရုံးများပင်ပေါ်ပေါက်လာ
နိုင်သေးသည်။

တတိယမှာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုတွင် အမေရိကန်ပြည်ထောင်စုကိုပင် ယှဉ်လာနိုင်ခဲ့ပြီဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံကြီးလည်းဖြစ်သည့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများက မြန်မာနိုင်ငံတွင် ရှိနေခြင်း ဖြစ်သည်။ ယင်းမှာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းဖြစ်သည်။ ၎င်းပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှ စတင်ကာ မြန်မာပြည်နယ် ဖြစ်လာနိုင်သည့်ဒေသများနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ခွန်းမိန်မြို့ အထိ သွယ်တန်း ထားပြီး ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် တည်ထောင်မည့် ဖက်ဒရယ်စနစ်သည် ယင်းပိုက်လိုင်းအတွက်လည်း အဖြေတခု ဖြစ်ရန် လိုပါမည်။ ဆိုလိုသည်မှာ စစ်အာဏာရှင်စနစ်နှင့် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသော အင်အားစုများတွင် တည်ငြိမ်၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးတိုးတက်သည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်စွမ်းရှိကြောင်း၊ အဆိုပါ ဖက်ဒရယ် ပြည်ထောင်စုအား မည်ကဲ့သို့ စနစ်တကျ လည်ပတ်သွားမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက် ဒီမိုကရေစီ နိုင်ငံများကိုသာမက တရုတ်နိုင်ငံကပါ အလေးအနက် ယုံကြည်လာအောင် လုပ်ဆောင်နိုင်စွမ်းကို ပြဖို့ လိုအပ်လာပါသည်။

ယင်းသို့ဆိုပါမူ မြန်မာနိုင်ငံအတွက် သင့်တော်သော ဖက်ဒရယ်စနစ်သည် ကွန်ဖက်ဒရေးရှင်း မဖြစ်သင့်ပါ။ အမေရိကန်နိုင်ငံ သမိုင်းတွင် ပြည်ထောင်စုကို အခြေခံဖွဲ့စည်းသော ၁၃ ပြည်နယ်သည် ၁၇၇၁ ခုနှစ်တွင် ကွန်ဖက်ဒရေးရှင်းဖြင့် စတင်ခဲ့သည်။ ကွန်ဖက်ဒရေးရှင်းအောက်တွင် လူ့အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်သော ကျေးကျွန်စနစ်ရှင်သန်ကြီးထွားခဲ့သည်။ သောမတ်စ်ဂျက်ဖာဆင် အဓိက ဦးဆောင်ရေးသားခဲ့သော ၁၇၇၆ ခုနှစ် အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းတွင် ရုပ်သိမ်း၍ မရနိုင်သော အခွင့်အရေးများအနေဖြင့် ဘုရားသခင်က လူတိုင်းကို တူညီစွာဖန်ဆင်းထားကြောင်း၊ ၎င်းတို့အနက် အသက်ရှင်သန်ခြင်း၊ အခြေခံလွတ်လပ်ခွင့်ရှိခြင်း၊ ပျော်ရွှင်မှုကို ရှာဖွေခြင်း တို့ပါဝင်ကြောင်းဖြင့် ဖော်ပြထားသည်။ ကျေးကျွန်စနစ်သည် အဆိုပါတန်ဖိုးအားလုံးနှင့် ဆန့်ကျင်ခဲ့သည်။ သောမတ်စ်ဂျက်ဖာဆင် ကိုယ်တိုင်ပင် ကျေးကျွန်ပေါင်း တရာမျှ ပိုင်ဆိုင်ခဲ့သည်။(5)

အမေရိကန်ပြည်ထောင်စုမှ ခွဲထွက်ကာ ၁၈၆၁ မှ ၁၈၆၅ ခုနှစ်များအတွင်းတည်ရှိခဲ့သော ကွန်ဖက်ဒရိတ် နိုင်ငံများ ပေါင်းစည်းထားသည့် အမေရိကန်နိုင်ငံ (Confederate States of America) အား နိုင်ငံတကာက မည်သည့်နိုင်ငံကမျှ အသိအမှတ်မပြုခဲ့။ ပြည်တွင်းစစ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် အဆိုပါနိုင်ငံ အမည်သည် သမိုင်းမှနေ၍ ပျောက်ကွယ် သွားခဲ့သည်။(6) ယင်းကွန်ဖက်ဒရိတ်နိုင်ငံများ တည်ရှိမှု မခိုင်မြဲခဲ့ခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုကို ကြီးမားစွာ ကျူးလွန်ခဲ့သည့် ကျေးကျွန်စနစ်ကို ကျင့်သုံးခြင်းနှင့် သက်ဆိုင်သည်ဟု ကောက်ယူနိုင်သည်။

ယူဂိုဆလားဗီးယားတွင် ကျင့်သုံးခဲ့သည့် (ပြည်ထောင်စု ဖွဲ့စည်းရာတွင် ပါဝင်သည့်ယူနစ်များအား) သမ္မတနိုင်ငံ အဆင့်မျိုး အထိ အမြင့်ဆုံး ပေးထားပြီး လျော့ရဲလွန်းသော ဗဟိုကွပ်ကဲမှုကို ကျင့်သုံးသည့် ဖက်ဒရယ်စနစ်သည်လည်း မသင့်တော်ပါ။ ၎င်းသည်လည်း ကွန်ဖက်ဒရေးရှင်းနှင့် အတူတူနီးပါး ဖြစ်သောကြောင့်ပင်။

ပြည်ထောင်စုဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည့် သမ္မတနိုင်ငံအဆင့်ရထားခဲ့သည့် ယူနစ်များတွင် အစွန်းရောက် တိုင်းရင်းသား အမျိုးသားရေးဝါဒများပေါ်ပေါက်ခဲ့သည်။ မိမိတို့အချင်းချင်း စစ်ပွဲများဖြစ်ပွားခဲ့ပြီး အတိဒုက္ခအမျိုးမျိုးရောက်ကာ ဖက်ဒရယ်နိုင်ငံ ပျက်သုဉ်းသွားခဲ့ရသည်။ မြန်မာနိုင်ငံဖက်ဒရယ်ပြည်ထောင်စုတွင် ယူဂိုဆလားဗီးယားကဲ့သို့ သမ္မတနိုင်ငံ အဆင့်မျိုး အပ်နှင်းလိုက်ပါမူ သဘာဝဓါတ်ငွေ့ပိုက်လိုင်းဖြတ်သွားသောနေရာဒေသများတွင် အနည်းဆုံးအားဖြင့် ရခိုင်သမ္မတနိုင်ငံ၊ မြန်မာသမ္မတနိုင်ငံနှင့် ရှမ်းသမ္မတနိုင်ငံတို့ရှိကြမည်။ ယင်းတို့ အနက် နိုင်ငံတခုခုတွင် ဖြစ်စေ၊ ယူဂိုဆလားဗီးယားမှာကဲ့သို့ သုံးခုလုံးတွင်ဖြစ်စေ အစွန်းရောက် တိုင်းရင်းသားအမျိုးသားရေးဝါဒများ အားကောင်းလာခဲ့လျင် ပိုက်လိုင်းမှ ရရှိသော အကျိုးအမြတ်များခွဲဝေရေးနှင့် စပ်လျဉ်း၍ အငြင်းပွားမှုများအား ဥပဒေစိုးမိုးရေးအခြေခံမှ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အခက်အခဲ ကြီးမားစွာ ရင်ဆိုင်ရနိုင်သည်။ ယူဂိုဆလားဗီးယားနိုင်ငံကဲ့သို့ လက်နက်ကိုင် ပဋိပက္ခများကြောင့် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုကြီးများ ပေါ်ပေါက်လာနိုင်သည်။

မြန်မာနိုင်ငံတွင် ရှစ်လေးလုံးကာလအတွင်းမှ စတင်ကာ နိုင်ငံတကာအဆင့် ပြင်းထန်ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရမှုကြီးများမှာ နိုင်ငံရေးအရ အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည့် ကြွေးကြော်သံအောက်တွင် တိမ်မြုပ်ခြင်းခံခဲ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူထု၏ အခွင့်အရေးကို ကာကွယ်ရမည့်အစား လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်ခဲ့သူ တပ်မတော်စစ်ခေါင်းဆောင်များအား ဖွဲ့စည်းပုံနှင့်အညီ ကင်းလွတ်ခွင့်ပါ ပေးထားလိုက် သေးသည်။(7) အကျိုးဆက်အနေဖြင့် ၂၀၁၁ ခုနှစ်အတွင်း ကေအိုင်အိုနှင့် စစ်အစိုးရတို့ တိုက်ပွဲများ ပြန်ဖြစ်လာပြီး နောက်ပိုင်းတွင် တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုကျူးလွန်လာခဲ့သည်။ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း ရိုဟင်ဂျာလူထုများ၏ ကျူးလွန်ခံခဲ့ရမှုများမှာ အဆိုးဝါးဆုံးဟု ဆိုနိုင်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာထပ်သိမ်းပြီးနောက် အဆက်မပြတ် ကျူးလွန်နေဆဲဖြစ်သည်။

တိုင်းရင်းသားအမျိုးသားရေးဝါဒအား မည်သည့်နိုင်ငံတွင် ကျင့်သုံးသည်ဖြစ်စေ တန်ဖိုးထားရပါမည်။ သို့ရာတွင် အစွန်းရောက်လျှင် တနည်းအားဖြင့် မိမိ၏ တိုင်းရင်းသားအမျိုးသားတခုတည်း၊ ဘက်တဖက်တည်းမှ ကြည့်ပြီးနောက် အခြားတိုင်းရင်းသားများအား ဆန့်ကျင်ကာ အကြမ်းဘက်တိုက်ခိုက်မှုများပြုလျင် အစွန်းရောက်သွားပြီဟု ဆိုရပါမည်။ ယင်းကို ထိမ်းကျောင်းနိုင်ရန်မှာ လူ့အခွင့်အရေးအသိအမြင်၊ လေ့လာကျင့်သုံးမှု အားကောင်းနေဖို့ လိုပါမည်။ သို့မဟုတ်ပါက မတူသည့် လူမျိုးစုအမျိုးသားများအကြား အကြမ်းဘက် တိုက်ခိုက်မှုများ အတောမသတ် ပေါ်ပေါက်နေမည်။ ယင်းမှာ စစ်အာဏာရှင်များ၏ အကြိုက်ဖြစ်သည်။ ယင်းသို့ ဖြစ်ပွားနေပါက စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်တိုက်နိုင်ရေးမှာ ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

လတ်တလောအချိန်တွင်မူ မြန်မာနိုင်ငံအတွက်သင့်တော်မည့်ဖက်ဒရယ်စနစ်မှာ မည်သည့်အရာ ဖြစ်သင့်ကြောင်း PDFs များ အပါအဝင် အဓိကကျသည့် နိုင်ငံရေး၊ စစ်ရေးအင်အားစုကြီးများအတွင်း စနစ်တကျ လေ့လာဆွေးနွေးခြင်း၊ အမြင်ဖလှယ်ခြင်း၊ တူညီသော ဘုံသဘောထားများအား မှတ်တမ်းတင်ကာ အများပြည်သူသိအောင် ဖြန့်ဝေခြင်း၊ ဒေသခံဌာနေ တိုင်းရင်းသားများနှင့် ပြည်နယ်သားများအတွင်း အသိပညာပေးခြင်းနှင့် သဘောထားဆန္ဒ ကောက်ယူခြင်း လုပ်ငန်းများ အားကောင်းကောင်း ရှိမနေသေးပါ။ ယင်းတို့မှာများစွာ စိုးရိမ်ဖွယ် ဖြစ်သည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၏ နိဒါန်းတွင် လူ့အခွင့်အရေးအား ဥပဒေစိုးမိုးရေးဖြင့် ကာကွယ် မြှင့်တင်ရမည် ဖြစ်ကြောင်း အတိ အလင်းပါရှိသည်။ လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေးကို အတိအလင်းဆက်စပ်ပြထားခြင်းဖြစ်သည်။ ဥပဒေစိုးမိုးရေးရှိတိုင်း လူ့အခွင့်အရေး အပြည့်အဝ ခံစားနိုင်မည်ဟု မဆိုနိုင်သော်လည်း ဥပဒေစိုးမိုးရေး မရှိလျင်မူ လူ့အခွင့်အရေးကို မခံစားနိုင်ပါ။ ဥပဒေစိုးမိုးရေးအခြေခံမှနေ၍ လူ့အခွင့်အရေးကို ဦးတည်ရန်မှာ မြန်မာနိုင်ငံနှင့် သင့်တော်သော ဖက်ဒရယ်စနစ်၏ ပထမဆုံးနှင့် အရေးအကြီးဆုံး အသွင်လက္ခဏာဖြစ်သည်။

စစ်ကောင်စီကို အရင်တိုက်၊ ဖြစ်သည့်နည်းနှင့်တိုက်၊ အနိုင်ရပြီးမှ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကာ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးကို အကောင်အထည်ဖော်သွားမည်ဟူသော လမ်းကြောင်းမှာ အောင်မြင်ရန် မဖြစ်နိုင်လောက်အောင်ကို ခက်ခဲပါသည်။

စစ်အာဏာရှင်စနစ်ကို တဘက်ကတိုက်၊ အခြားတဘက်က မြန်မာမဟာလူမျိုးကြီးဝါဒ အပါအဝင် အခြားလူမျိုးများ၏ လူမျိုးကြီးဝါဒများ၊ အစွန်းရောက်တိုင်းရင်းသားအမျိုးသားရေးဝါဒများကို ဆန့်ကျင်ကာ မိမိတို့ နိုင်ငံနှင့် သင့်တော်မည့် ဖက်ဒရယ်စနစ်အား အတိအကျ ရှာဖွေကြရမည့်အချိန် ရောက်ပါပြီ။

၎င်းအား ကြားကာလပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ကြားကာလဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ထည့်သွင်း ပြဌာန်းကာ စစ်ကောင်စီကို တိုက်နေစဉ်မှာပင် အကောင်အထည် ဖော်ကျင့်သုံးနိုင်ဖို့ လိုပါမည်။ သို့ဖြစ်လျှင် တိုင်းရင်းသား ပြည်နယ်များ အသီးသီး အတွင်းရှိ နိုင်ငံရေးနှင့် စစ်ရေးအင်အားစုများ၏ တကယ်တန်း ယုံကြည်မှု၊ ထောက်ခံမှုနှင့် နှစ်နှစ် ကာကာ ပူးပေါင်းတိုက်ပွဲဝင်မှုကို ရနိုင်ပါမည်။ သို့မှသာ စစ်ကောင်စီကို အနိုင်တိုက်နိုင်ရုံသာမက ယူဂိုဆလားဗီးယား နိုင်ငံလို အဖြစ်ဆိုးမျိုး မဖြစ်အောင် ရှောင်ရှားနိုင်ပါမည်။

ဦးအောင်ထူး (ကျောင်းအုပ်၊ ဖက်ဒရယ်ဥပဒေအကယ်ဒမီ)
ရက်စွဲ။ မတ်လ (၁၈) ရက် ၂၀၂၃ ခုနှစ်

(စစ်ကိုင်းတိုင်းအတွင်းရှိ လူထုများနှင့် PDFs များအကြား ပုံနှိပ်ဖြန့်ဝေလျက်ရှိသော တူမီးစာစောင်တွင် ဖော်ပြခဲ့ပြီး
ဖြစ်သည့် တင်ပြချက်များအား အများပြည်သူ ပို၍ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ရန် အချိန်ကာလ ပြောင်းလဲ
တင်ဆက်လိုက်ခြင်း ဖြစ်ပါသည်။ နှစ်ပတ်တကြိမ် ဆက်လက်တင်ဆက်သွားရန် ရည်ရွယ်ပါသည်။)

References:
(1) Bosnia and Herzegovina, Croatia, Macedonia, Montenegro, Serbia (including the regions of Kosovo and Vojvodina) and Slovenia.
(2) International Criminal Tribunal for the former Yugoslavia (ICTY)
(3) Human Rights Watch, the Former Yugoslav Republics:
https://www.hrw.org/reports/1993/WR93/Hsw-10.htm
(4) Ibid.
(5) Constitutional Rights Foundation, ‘Constitution and Slavery’:
(6) https://www.crf-usa.org/black-history-month/the-constitution-and-slavery accessed 10 November 2022.
https://www.history.com/topics/american-civil-war/confederate-states-of-america
(7) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၅။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 124 Views
ခရီးစထွက်ပြီဒီဇင်ဘာလ (၁၅) ရက်နေ့မနက်မှာ စမ်းစမ်းတို့ချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို စားကြတယ်။ ငြိမ်းချမ်းက သက်သတ်လွတ်ဆိုတော့ သူ့အတွက် ပဲပုတ်ဟင်းချက်ပေးတော့ သူက အများကြီးစားတယ်။
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ရုပ်သံဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 89 Views
ဒီခရီးစဉ် အပိုင်း (၂) မှာတော့ မင်းတပ်မြို့နယ်၊ ဝမ္မတူရွာမှာရှိတဲ့ စစ်လော်ဘီတွေက တော်လှန်ရေး သမားတွေကို ဆေးကုပေးနေတယ်ဆိုပြီး ဗုံးကြဲဖို့ အကြိမ်များစွာ
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၁)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 146 Views
၁၉၈၈ ခုနှစ်ကစပြီး မြန်မာ့အရေးကို မှတ်တမ်းတင်နေသူ ကျနော့်မိတ်ဆွေ ဂျပန်ဗီဒီယိုသတင်းသမား အာဆာဘီနဲ့ မဲဆောက်မြို့ကိုလာရောက်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနေစဉ် ဂျပန်ဝါရင့်သတင်းသမား အူဆာဂီတို့အဖွဲ့နဲ့ ၂၀၂၂ ခုနှစ်မှာ မဲဆောက်မြို့မှာ တွေ့ရှိခင်မင်ခဲ့ကြပြီး ဘန်ကောက်ရောက်တဲ့အခါ ပြည်တွင်းက ထွက်ပြေးလာတဲ့ ကျောင်းဆရာ
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော်

ယခင်တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေ ကွာခြားလဲ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 82 Views
ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်မှ ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ တပ်မတော်သားတွေရဲ့ လူနေမှု အဆင့်အတန်းကို လေ့လာရင် ဦးနုလက်ထက်ကနေ ဗိုလ်နေဝင်း အာဏာသိမ်းခါစအထိ ပြည်သူက တော်လှန်ရေးနေ့ (အခုတပ်မတော်နေ့) ရောက်တိုင်း စစ်ရေးပြချီတက်လာတဲ့ တပ်မတော်သားတွေကို ပန်းကုံးစွပ် ကြိုဆိုကြတယ်။
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်း(နောက်ဆုံးပိုင်း)

  • 2023 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 63 Views
ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့မှာဆိုရင် ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်းဆိုတဲ့ ဆောင်းပါးရဲ့ နောက်ဆုံးအပိုင်းကို တင်ဆက်ပေးမှာပါ။ ဆောင်းပါးရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ဖက်ဒရယ်နောက်ခံသမိုင်းအကြောင်း၊ ဖက်ဒရယ်ကို အတားအဆီးဖြစ်နေတဲ့ အချက် ၃ ချက်ဖြစ်တဲ့ ဗမာမုန်းတီးရေး၊ လူမျိုးစုတစ်ခု
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်း အပိုင်း (၂)

  • 2023 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 56 Views
ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီအစီအစဉ်ကနေ ဦးထွန်းအောင်ကျော် ရေးသားထားတဲ့ “ ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်း” ဆိုတဲ့ ဆောင်းပါးကို စာရေးသူကိုယ်တိုင်က တင်ဆက်ပေးသွားမှာပါ။ ဒီရုပ်သံဆောင်းပါးမှာဆိုရင် ပင်လုံကနေစလို့ ဖက်ဒရယ်နောက်ခံသမိုင်း‌ကြောင်းတွေ၊ ဖက်ဒရယ်ကို တားဆီးနေတဲ့အချက်တွေနဲ့ ဖက်ဒရယ်အတွက် ကြိုတင်ပြင်ဆင်ထားသင့်တာတွေကို
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်း အပိုင်း(၁) – ရုပ်သံဆောင်းပါး။

  • 2023 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 112 Views
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ ခေတ်မျက်လုံး။ ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့မှာဆိုရင် ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်းဆိုတဲ့ ဆောင်းပါးကို တင်ဆက်ပေးမှာပါ။ ဒီရုပ်သံဆောင်းပါးမှာဆိုရင် ပင်လုံကနေစလို့ ဖက်ဒရယ်နောက်ခံသမိုင်း‌ကြောင်းတွေ၊ ဖက်ဒရယ်ကို တားဆီးနေတဲ့အချက်တွေနဲ့
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

ရွှေ့ပြောင်းအလုပ်သမားချင်းအတူတူ အစ္စရေးက ထိုင်းရွှေ့ပြောင်းအလုပ်သမားနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဘယ်လိုကွာခြားသလဲ။

  • 2023 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 69 Views
သောကြာနေ့တွင် ဘွန်းချိုင်း ဆေရန် (Boonchai Saeyang) သည် ထိုင်းနိုင်ငံသို့ ပြန်ရောက်သောအခါ ဂါဇာကမ်းမြောင်အနီးရှိ လယ်ကွင်းတစ်ခုတွင် အလုပ်လုပ်ရန် အစ္စရေးတွင် နောက်ချန်ကျန်နေရစ်ခဲ့သော သူ့လုပ်ဖော်ကိုင်ဖက် ထိုင်းလူမျိုးများအကြောင်း တွေးနေမှု ရှိလာခဲ့သည်။ သူတို့နေခဲ့သည့် အစ္စရေးရွာတွင် အရပ်သားတွေကို