တနင်္ဂနွေနေ့ညက ရင်ဆိုင်ကစားခဲ့တဲ့ ကာရာဘောင်း လိဂ်ဖလားဗိုလ်လုပွဲမှာ မန်ယူအသင်းက နယူးကာဆယ်အသင်းကို ၂ ဂိုးပြတ်အနိုင်ယူပြီး ၆ နှစ်ကြာ ဆုဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ် သွားနိုင်ခဲ့ပါတယ်။

ဝင်ဘလေကွင်းမှာ ကျင်းပတဲ့ အဲဒီပွဲစဉ်မှာ မန်ယူအသင်းက ဝက်ဟော့၊ ရက်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ အန်တိုနီတို့နဲ့ ပွဲထွက်လာခဲ့ပြီး နယူးကာဆယ်အသင်းကတော့ ဒဏ်ရာနဲ့ ပွဲပယ်ပြဿနာကြောင့် ဂိုးသမားနစ်ပုပ် ပါဝင်နိုင်ခြင်းမရှိဘဲ အရံဂိုးသမား ကာရီယက်စ်ပွဲထွက်ရင်ဆိုင်ခဲ့တာပါ။

ပွဲချိန်ပထမပိုင်းမှာ နှစ်သင်းစလုံးအကြိတ်အနယ်ရှိခဲ့သလို အပြန်အလှန်ဖိအားပေးနိုင်ခဲ့ပြီး ဂိုးရဖို့တော့ ခက်ခဲနေခဲ့ပါတယ်။ မန်ယူအသင်းကွင်းလယ်မှာ ဘရာဇီးကစားသမားနှစ်ဦးဖြစ်တဲ့ ဖရက်နဲ့ ကက်စ်မဲရိုးတို့ ခြေစွမ်းပြကစားနိုင်ခဲ့ကြလို့ နယူးကာဆယ်က ကစားကွက်တည်မရအောင် ဖြစ်ခဲ့ရသလို ဖေဘီယန်ရှား၊ ဘော့မန်းတို့ရဲ့ နယူးကာဆယ်ခံစစ်ကြောင့်လည်း မန်ယူတိုက်စစ်မှူးတွေ ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် ပွဲချိန် ၃၃ မိနစ်မှာ နောက်ခံလူ လုခ်ရှောရဲ့ ဖရီးကစ်တဆင့် ကက်စ်မဲရိုးက ခေါင်းတိုက်ပြီး မန်ယူအသင်းအတွက် ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီဂိုးဟာ လူကျွံနေတယ်လို့ သံသယရှိလို့ VAR ပြန်ကြည့်ပြီးဆုံးဖြတ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ်သတ်မှတ်ပေးခဲ့တာပါ။

နောက် ၆ မိနစ်အကြာမှာတော့ အထောင်တိုက်စစ်မှူး ဝက်ဟော့ရဲ့ ဖန်တီးပေးမှုကနေ ရက်ရှ်ဖို့ဒ်က မန်ယူအသင်းအတွက် ဒုတိယအနိုင်ဂိုးထပ်မံသွင်းယူခဲ့လို့ ပွဲချိန်ပထမပိုင်းမှာတင် မန်ယူအသင်း ၂ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်ယူနည်းပြတန်ဟတ်က နယူးကာဆယ် တိုက်စစ်မှူးတွေကို ထိန်းချုပ်ဖို့ ဘစ်ဆာကာ၊ ဆာဘစ်ဆာ၊ တွမ်မီနေးတို့ကို အားဖြည့်ခဲ့လို့ နယူးကာဆယ် ချေပဂိုးရဖို့ ခက်ခဲခဲ့ပြီး အမြင့်ဘောတွေ၊ ဖြတ်တင်ဘောတွေကနေသာ ဂိုးရဖို့ ကြိုးစားခဲ့ရတာပါ။

ဒုတိယပိုင်းပြီးဆုံးခါနီးမှာ နှစ်သင်းစလုံး အပိုင်အခွင့်အရေးတစ်ကြိမ်စီရခဲ့ကြပေမယ့် ဂိုးအဖြစ် အဆုံးမသတ်နိုင်ခဲ့ကြလို့ ပွဲအပြီးမှာ မန်ယူအသင်း ၂ ဂိုးပြတ်ရလဒ်နဲ့ပဲ အနိုင်ရကာ ကာရာဘောင်းလိဂ်ဖလားချန်ပီယံဆုဖလားကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

နည်းပြတန်ဟတ်အတွက်ကတော့ မန်ယူအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ရာသီမှာပဲ ဆုဖလား ၁ လုံး စတင်ရယူပေးနိုင်ခဲ့တာဖြစ်သလို ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာလည်း ဆုဖလားအောင်မြင်မှုထပ်ရဖို့ အခွင့် အရေးတွေ ရှိနေဆဲဖြစ်ပါတယ်။