တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာ အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ မက်ဆီရဲ့ ရုပ်ထုကို ပါရာဂွေးနိုင်ငံမှာဖွင့်လှစ်ထားတဲ့ CONMEBOL ဘောလုံးပြတိုက်မှာ ထည့်သွင်း ဂုဏ်ပြု ပြသခဲ့တယ်။
မက်ဆီဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလားရယူပေးနိုင်ခဲ့သလို ကစား သမားဘ၀တလျှောက် ရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် တောင်အမေရိကတိုက်ရဲ့ ဂုဏ်ထူးဆောင် ပြယုဂ်တစ်ခုအဖြစ် ဂုဏ်ပြုခံရတာပါ။
ယခင်က တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ CONMEBOL ဘောလုံးပြတိုက်မှာ ဂန္ထဝင်ကစားသမားကြီးတွေဖြစ်တဲ့ ပီလီနဲ့ မာရာဒိုနာတို့ ရုပ်ထုသာရှိပြီး အခုအခါမှာ မက်ဆီရဲ့ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်အတိုင်း ရုပ်ထုကိုပါ ပြုလုပ်ပြီး ပြသဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ CONMEBOL ဘောလုံးပြတိုက်ထဲကို အလည်အပတ်ရောက်ရှိခဲ့တဲ့ မက်ဆီဟာ သူ့ရဲ့ ရုပ်ထုကို ကြည့်ပြီး စိတ်လှုပ်ရှားနေခဲ့တယ်လို့ ဘရာဇီးမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
မက်ဆီရဲ့ ပုံတူရုပ်ထုကြောင့် လူမှုကွန်ယက်စာမျက်နာတွေပေါ်မှာလည်း အငြင်းပွါးစရာ စကားစစ်ထိုးပွဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ မက်ဆီရဲ့ ပရိသတ်တွေက စီရော်နယ်ဒိုကို မွေးရပ်မြေ မာဒီယားလေဆိပ်မှာ ဂုဏ်ပြုထားတဲ့ ပုံပန်းမကျတဲ့ ရုပ်ထုနဲ့ နှိုင်းယှဉ်ပြီး ရုပ်ထုမှာတောင် မက်ဆီက နိုင်တယ်လို့ စကားစစ်ထိုးခဲ့ကြတာဖြစ်ပါတယ်။