၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်၊ ခေတ်မျက်လုံး။
မကွေးတိုင်း၊ မြိုင်မြို့နယ်က ကင်းရွာနဲ့ ကန်ရပ်ကြီးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ (၂၉) ရက်နေ့ နေ့လယ် (၁) နာရီမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက် (၄) နှစ်အရွယ်ကလေးငယ်နဲ့ ကိုရင် (၂) ပါးအပါအဝင် ပြည်သူ (၅) ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နှောပင်ကျေးရွာအုပ်စု ကင်းရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် (၄၀)နှစ်အရွယ်နဲ့ အသက် (၆၀)နှစ်အရွယ်ေဒသခံနှစ်ဦး သေဆုံးခဲ့ပြီး အသက် (၄)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာကြောင့် လက်တစ်ဖက်ပြတ်တောက်ခဲ့ရကာ ညပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
“ (၄)နှစ်အရွယ် ကလေးကတော့ လက်ထိတဲ့အရှိန်ရယ် လန့်တဲ့အရှိန်တွေကြောင့် ည (၁၀) နာရီလောက်မှာ ဆုံးသွားပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့ပြင် ကန်ရပ်ကြီးကျေးရွာကိုလည်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ရာ ကိုရင် (၂) ပါး ထိမှန် ပျံလွန်တော်မူခဲ့သလို ပြည်သူ (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အခုရက်ပိုင်း စစ်ကိုင်းနဲ့ မကွေးမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းတွေထိုးနေပြီး မီးရှို့ဖျက်ဆီးသတ်ဖြတ်တာတွေကြောင့် ပြည်သူ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရကာ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။