မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်ကွင်းလယ်လူ မက်သရူးနူနက်စ်ကို ပြောင်းရွှေ့ကြေးပေါင် ၄၇.၃ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပေမယ့် မက်သရူးနူနက်စ်နဲ့ကတော့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် မရသေးပါဘူး။ ကစားသမားနဲ့ပါ သဘောတူညီမှု ရရှိခဲ့မယ်ဆိုရင်တော့ မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်အသင်းကိုနောက်ထပ် ထပ်ဆောင်းငွေ ထပ်ပေးဖို့ မလိုဘဲ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ နူနက်စ်ကို ခေါ်ယူဖို့ ကနဦးကမ်းလှမ်းမှုမှာ ငြင်းပယ်ခံခဲ့ရပြီး ဝူဗာဟမ်တန်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အထိ တောင်းဆိုခဲ့ပါတယ်။ အခုသဘောတူညီမှုမှာတော့ မန်စီးတီးအသင်းဟာ သူတို့ရဲ့ ယူ ၂၁ ကစားသမား တွမ်မီဒွိုင်လီကို အငှားပြန်ချပေးရမယ်ဆိုတဲ့ သဘောတူညီချက်ပါ ပါဝင်ပါတယ်။ ဝူဗာဟမ်တန်အသင်းဟာ တွမ်မီဒွိုင်လီရဲ့ခြေစွမ်းကို နှစ်သက်တယ်ဆိုရင် ပေါင် ၄.၃ သန်းနဲ့ အပြီးခေါ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ အားထားရတဲ့ကွင်းလယ်လူ ဒီဘရိုင်း ဒဏ်ရာရပြီး ၄ လခန့်အနားယူရမှာဖြစ်လို့ နူနက်စ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် အသက် ၂၅ နှစ်အရွယ် နူနက်စ်ဟာ မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့ ကိစ္စတွေကြောင့် ဝူဗာဟမ်တန်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပါဝင်လာခြင်း မရှိတော့ပါဘူး။
နူနက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းကနေ ဝူဗာဟမ်တန်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၈ သန်းနဲ့ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဒါဟာ ဝူဗာဟမ်တန်အသင်းသမိုင်းတစ်လျှောက် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်ခဲ့ပါတယ်။