၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်၊ ခေတ်မျက်လုံး။
နှစ်သစ်မှာ မျှော်မှန်းထားတဲ့အတိုင်း စစ်အာဏာရှင်စနစ်ဆိုးကြီး ဆက်လက်အမြစ်မတွယ်ဖို့နဲ့ ပြည်သူ့စိတ်ဆန္ဒပြည့်ဝဖို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နှစ်သစ်ကူးအကြိုနေ့ “ New Year’s Eve” ဟာ ရှမ်းမြောက်ဒေသထဲမှာ စတင်ဆင်နွှဲခဲ့တဲ့ ကိုးကန့်၊ တအာင်း၊ ရက္ခိုင် (၃)ဖွဲ့ရဲ့ “ ၁၀၂၇ စစ်ဆင်ရေး” ကြီးရဲ့ (၆၆)ရက်မြောက်နေ့ ရက်ထူးရက်မြတ်လည်းဖြစ်တယ်လို့ ဆိုပါတယ်။
သတ်မှတ်ထားတဲ့ စစ်ရေးအရ အရေးပါတဲ့ ပစ်မှတ်တွေနဲ့ ပြည်သူကို နှစ်ရှည်လတွေ ဖိနှိပ်ဗိုလ်ကျပြီး အနိုင်ကျင့်သတ်ဖြတ်နေတဲ့ စစ်ကောင်စီစခန်းတွေကိုလည်း နှစ်သစ်ကူးအကြိုနေ့အထိ မရပ်မနား ဆက်လက်ချေမှုန်းနေတယ်လို့ ဖော်ပြထားပါတယ်။
နှစ်သစ်မှာလည်း ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တတဲ့ ရည်မှန်းချက်၊ မျှော်လင့်ချက်တွေကို တောက်ပအသက်ဝင်သွဦးဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ညီနောင်(၃)ဖွဲ့က ပြောဆိုထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အမှန်တရားကို သိမြင်ပြီး နောင်တမရကြစေဖို့နဲ့ ပြည်သူ့ရင်ခွင်ထဲကို အမြန်ဆုံးခိုလှုံကြဖို့ကိုလည်း (၂၀၂၃)ခုနှစ်မကုန်ခင်မှာ ထပ်မံတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။