အောက်တိုဘာလ (၁)ရက်။
စက်တင်ဘာလ (၂၆)ရက်မှာ ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား (၃၁၃)ဦးကို စစ်ကောင်စီက တရုတ်နိုင်ငံဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
လွှဲပြောင်းပေးခဲ့တဲ့ တရုတ်နိုင်ငံသား (၃၀၀)ကျော်ထဲ တရားခံပြေး တရုတ်နိုင်ငံသား (၄၅)ဦးပါ၀င်ကာ သူတို့ကို စက်တင်ဘာလထဲက မူဆယ်မြို့ပေါ်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးခဲ့ရာမှာ တရုတ်နိုင်ငံသားတွေအပြင် မြန်မာနိုင်ငံသား (၅၅၇)ဦးနဲ့အတူ ကွန်ပျူတာဆက်စပ်ပစ္စည်းတွေ၊ လက်ကိုင်ဖုန်းတွေနဲ့ Scam စက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ တရုတ်နိုင်ငံသား တရားခံပြေး (၄၅)ဦးအပါအ၀င် (၃၀၀)ကျော်ကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူပြီး သူတို့ကို တရုတ်နိုင်ငံက ဆက်လက်အရေးယူသွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စက်တင်ဘာလ (၁၉)ရက်နေ့ကလဲ တရုတ်နိုင်ငံက အလိုရှိနေတဲ့ တရားခံပြေး ချန်တာဝေ့နဲ့ ရန်လျန့်အပါအဝင် တရုတ်နိုင်ငံသား (၂၀)ဦးကို ဖမ်းဆီးပြီး တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံက အလိုရှိနေတဲ့ တရားခံပြေး ချန်တာဝေ့ ဦးဆောင်တဲ့ ဒုစရိုက်သမားတွေဟာ ရန်ကုန်နဲ့ မန္တလေးတို့မှာ ရောက်ရှိနေပြီး ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတာကို ဇူလိုင်လထဲ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။