အောက်တိုဘာလ (၂)ရက်။
ဒီကနေ့ နံနက် (၇)နာရီခွဲခန့်က ကချင်ပြည်နယ်ရှိ ဆော့လော်မြို့အပါအဝင် စစ်ကောင်စီတပ်စခန်းနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။
“ နံနက် (၇)နာရီ (၂၀)မိနစ်မှာ ဆော့လော်မြို့ထဲက ကျန်ရှိတဲ့ စစ်ကောင်စီ ခလရ(၂၉၈)တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။ ဆော့လော်မြို့အနီးက စကစစခန်းတွေနဲ့ နယ်ခြားစောင့်စခန်းတွေကိုလဲ သိမ်းပိုက်ခဲ့ပါတယ်။ ဆော့လော်မြို့က စကစကင်းစင်သွားပြီ” လို့ ကချင်စစ်ရေးစောင့်ကြည့်သူတစ်ဦးက ဆိုပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလ (၂၉)ရက်နေ့နဲ့ (၃၀)ရက်နေ့တို့မှာ ချီဖွေမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် (၂)ရက်အကြာမှာ ဆော့လော်မြို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ခလရ(၂၉၈)တပ်စခန်းဟာ ဆော့လော်၊ ဖီမော်နဲ့ ပန်ဝါဒေသတို့မှာ အင်အားအများဆုံးစခန်းဖြစ်ပြီး ဆော့လော်မြို့ သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် KIA ဘက်က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဆော့လော်မြို့သိမ်းတိုက်ပွဲထဲ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို စစ်သုံ့ပန်းတွေလဲ ဖမ်းမိခဲ့ကာ အခုအခါ KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့မြို့ (၁၁)မြို့အထိရှိလာပါပြီ။
အခုနှစ် မတ်လဆန်းပိုင်းကစပြီး ကချင်ပြည်နယ်ရှိ စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စခန်းနဲ့ နယ်ခြားစောင့်စခန်းတွေအပါအဝင် စခန်းပေါင်း (၂၀၀)နီးပါးခန့် သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။