မေလ (၁၆)ရက်။
တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
မေလ (၁၀)ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာကာ အမတ(၃၄၄)တပ်ရင်းနဲ့ အနီးဆုံး ကာကင်းစခန်းတွေကို AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းပစ်ကူတွေ အသုံးပြုခဲ့ပေမယ့် အမတ(၃၄၄)ရဲ့ တမိုင်အကွာရှိ ကာကင်းစခန်း (၃)ခုထက်မနဲကို ရက်ပိုင်းထဲ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာပါ။
အခုအခါ AA အနေနဲ့ အမတ(၃၄၄)တပ်ရင်းကို အင်အားအလုံးအရင်းနဲ့ ဝန်းရံထားပြီး စစ်ကောင်စီတပ်သားတွေ တပ်ဖျက်ထွက်ပြေးတာတွေရှိနေကာ တပ်ရင်းကို လက်လွှတ်ရမယ့်အခြေအနေ ဆိုက်ရောက်နေပြီလို သူက ဆက်ပြောပါတယ်။
ဒီလို အမတ(၃၄၄)တပ်ရင်းဟာ စိုးရိမ်ရတဲ့အခြေအနေကို ရောက်ရှိနေပြီဖြစ်တာကြောင့် မနေ့က နံနက်ပိုင်းမှာ နတခစစ်ဌာနချုပ်ရဲ့ ဒုစစ်တိုင်းမှူး ရဲလင်းအောင်ဟာ စစ်ဌာနချုပ်ကို ပြန်ရောက်လာပြီး တိုင်းမှူး အောင်ကျော်ခိုင်ထံ အရေးပေါ်တင်ပြတာတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ ဧရာဝတီတိုင်းထဲ စစ်ရေးအခြေအနေဟာ နယ်မြေအများစုကို စွန့်လွှတ်ကာ နောက်ဆုတ်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို ဒေသထဲသတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။








