အောက်တိုဘာလ (၂)ရက်။
ယောနယ်ထဲ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူတာမှာ ပူးပေါင်းပါဝင်သူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ယောကာကွယ်ရေးတပ်(YDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်သတိပေးထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ သူတို့လက်လှမ်းမီတဲ့ အတိုင်းအတာနဲ့ လူဦးရေ သန်းခေါင်စာရင်းတွေ ကောက်ယူနေတာဟာ အာဏာအဓွန့်ရှည်တည်တံ့နိုင်ဖို့အတွက် လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
တိုင်းပြည်မငြိမ်မသက်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်နေရချိန် သန်းခေါင်စာရင်းကို အသုံးချကာ စစ်သားစုဆောင်းဖို့နဲ့ တော်လှန်ရေးသမားတွေရဲ့ အချက်အလက်တွေကို စုဆောင်းဖို့ ကောက်ယူနေတာဟာ ကောက်ကျစ်ယုတ်မာတဲ့ အကြံအစည်လို့ ဖော်ပြထားပါတယ်။
သန်းခေါင်စာရင်းကောက်ယူနေတာဟာ သူတို့ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် ပဏာမခြေလှမ်းတစ်ရပ်ဖြစ်ပြီး အဲ့ဒီရွေးကောက်ပွဲနဲ့ စစ်အုပ်စုက အာဏာကို ရယူနိုင်ဖို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ စစ်အုပ်စုထောက်ခံတဲ့ ပါတီ အနိုင်ရရေးသာဖြစ်ပြီး ပြည်သူလိုလားတဲ့ပါတီကို အာဏာပေးအပ်ဖို့ မဟုတ်တာကို သမိုင်းက သက်သေပြခဲ့ပြီးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာ အရပ်ဖက်အဖွဲ့တွေ၊ ပြည်တွင်းပြည်ပရှိ အဖွဲ့တွေနဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူတာမှာ ပံ့ပိုးကူညီတာနဲ့ ပူးပေါင်းပါဝင်တာ မပြုကြဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။