အောက်တိုဘာလ (၄)ရက်။
ဒီကနေ့ နံနက်ပိုင်း (၉)နာရီခွဲအချိန်က ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးသီးတွေပါတဲ့ ဒရုန်းတစ်စီး လွှတ်တင်ခဲ့ရာ သူတို့အပေါ် ပြန်ကျပြီး ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။
“ အောင်သာယာပျူရွာကနေ စကစတပ်သားတွေနဲ့ ပျူစောထီးတွေက မုံလှရွာကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး နံနက် (၉)နာရီခွဲလောက်မှာ နောက်တကြိမ် ကျေးရွာတွေဆီကို ဗုံးသီးတွေပါတဲ့ ဒရုန်းတစ်စီး လွှတ်တင်ခဲ့တာ။ အဲ့ဒီဒရုန်းက သူတို့အပေါ် ပြန်ကျပြီး ထိခိုက်သေဆုံးတာတွေ ရှိကုန်တာ” လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လွှတ်တင်တဲ့ ဗုံးသီးတွေပါတဲ့ ဒရုန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဂျန်ဘာနဲ့ တန်ြန်ဆွဲယူခဲ့တာကြောင့် ဒရုန်းကို ပြန်လည်ခေါ်ယူတဲ့အချိန် ပြုတ်ကျပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး (၆)ဦးသေဆုံးကာ (၁၀)ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီကနေ့ နံနက် (၅)နာရီဝန်းကျင်ခန့်ကလဲ မုံလှရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ Grade-8 ကျောင်းသူအပါအဝင် အမျိုးသမီး (၃)ဦးနဲ့ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး မနေ့ကနဲ့ ဒီနေ့မှာ စစ်ကောင်စီဘက်က မူးမြစ်အနောက်ဘက်ကမ်းရှိ ရေဦးမြို့၊ အောင်သာယာပျူရွာကနေ ခင်ဦးနယ်ရှိ ကျောက်တိုင်ကျီစုနဲ့ မုံလှ စတဲ့ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
(၂)ရက်ဆက်တိုက် စစ်ကောင်စီနဲ့ ပျူစောထီးတွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၅)ဦးနဲ့ နွား (၂)ကောင် သေဆုံးခဲ့ပြီး နွားတင်းကုပ်တဲ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။