ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ အင်အား(၂၀၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရခဲ့
နိုဝင်ဘာလ (၄)ရက်။
နိုဝင်ဘာလ (၂)ရက် နေ့လယ် (၁)နာရီကျော်အချိန်က ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ အင်အား (၂၀၀)ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်ပကဖ တိုက်ခိုက်ရေးအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ အင်အား (၂၀၀)လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲ့ဒီတိုက်ပွဲမှာ စကစဘက်က သေဆုံးဒဏ်ရာရတာတွေနဲ့ ပြန်ဆုတ်သွားတယ်” လို့ ဆိုပါတယ်။
စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေအကြား (၁)နာရီကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၄)ဦးသေဆုံးကာ (၈)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ လက်နက်ကြီး၊ လက်နက်ငယ်တွေ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)ရဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့က ဒရုန်းဗုံးသီးတွေနဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် တိုက်ပွဲထဲ သေဆုံးဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို ဖောကားနဲ့ စောင့်ကြိုခေါ်ဆောင်သွားပြီး တော်လှန်ရေးအင်အားစုတွေဘက်က အထိအခိုက် အကျအဆုံးမရှိခဲ့ဘူးလို့ ပြောဆိုထားပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီဘက်က ၁၂၀မမနဲ့ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ကျေးရွာထဲရှိ ပြည်သူ့နေအိမ်တစ်လုံးအပါအဝင် ဘုန်းကြီးကျောင်းဇရပ်တစ်ခု ပျက်စီးခဲ့တယ်လို့လဲ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲထဲ KNLA အပါအဝင် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)နဲ့ ကျေးနယ် ကာကွယ်ရေးတပ်ဖွဲ့ တော်လှန်ရေးအင်အားစုတွေ ပါဝင်ခဲ့ပြီး အခုအခါ နယ်မြေထဲ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။