ဒီဇသ်ဘာလ (၅)ရက်။
နိုဝင်ဘာလ (၂၇)ရက်နေ့က ရမည်းသင်းမြို့၊ မိုးထိမိုးမိဒေသမှာ တရားမဝင် ရွှေတူးဖော်သူတွေကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီးရှိ ဘက်ဟိုးတောင်ကုန်းပေါ်မှာ တရားမဝင် ရွှေတူးဖော်သူတွေရှိတယ်ဆိုတဲ့ သတင်းရရှိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလိုစစ်ဆေးခဲ့ရာ တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေသူ (၅)ဦးကို တရားမဝင်ရွှေတူးဖော်တာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နိုဝင်ဘာလ (၂၈)ရက်နေ့ကလဲ သပြေပင်ကျေးရွာနဲ့ ညောင်အိုင်ရွာတို့က နေအိမ်ခြံဝင်း (၂)ခုနဲ့ ဘက်ဟိုးတောင်ကုန်းအနီးတို့မှာ ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး ဖမ်းဆီးရမိသူ (၇)ဦးနဲ့ ဖမ်းဆီးဖို့ကျန်တဲ့သူတွေကို ရဲမည်းသင်းမြို့မရဲစခန်းမှာ သတ္တုတွင်းဥပဒေပုဒ် ၃၀(က)နဲ့ အမှုဖွင့်ပြီး အရေးယူသွားမယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် မိုးထိမိုးမိဒေသက နိုင်ငံပိုင် ရွှေသတ္တုလုပ်ကွက်တွေထဲ တရားမဝင် ရွှေတူးဖော်တာတွေကြောင့် ပတ်ဝန်းကျင်ထိခိုက်တာအပြင် နိုင်ငံ့ဘဏ္ဍာငွေ ဆုံးရှုံးတာ မဖြစ်စေဖို့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတယ်လို့ ထူတ်ပြန်ထားချက်အရ သိရပါတယ်။