အောက်တိုဘာလ (၅)ရက်။
ဒီကနေ့ နံနက် (၃)နာရီ (၄၀)မိနစ်အချိန်က တောင်ငူမြို့ရှိ စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ တောင်ငူမြို့က စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို Mission 23 အနေနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တာပါ။ ရှော့တိုက်ဒုံး (၅)လုံး ပစ်ခတ်ခဲ့တာမှာ (၄)လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါတယ်။ တပခထဲ စကစရဲ့ ဒရုန်းအစင်း (၁၀၀)ရောက်နေတယ်လို့ ကြားသိရတာကြောင့် တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ တပခထဲကို ရှော့တိုက်ဒုံး (၄)လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကာ စခန်းရုံးခေါင်မိုး ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၅)ဦးသေဆုံးကာ တပ်ရေးဗိုလ်ကြီးတစ်ဦးအပါအဝင် (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသတင်းတွေအရ ဖော်ပြထားပါတယ်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ ပဲခူးနဲ့ ကရင်က တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နေတဲ့ စစ်စခန်းတွေကို အမိန့်ပေးကွပ်ကဲနေတဲ့ အဓိက တိုင်းစစ်ဌာနချုပ်ဖြစ်တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်တွေကို တိုက်ခိုက်ပြီး အင်အားချိနဲ့စေတာက စစ်ကောင်စီရဲ့ chain of command အောက်မှာရှိတဲ့ မြေပြင်လက်ရုံးတပ်ရင်းတပ်ဖွဲ့တွေကို အလိုအလျောက် အင်အားချိန်နဲ့စေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် တိုင်းစစ်ဌာနချုပ်တွေကို လေတပ်စခန်းတွေလိုမျိုး ပစ်မှတ်ထားတိုက်ခိုက်နေကာ အခုစစ်ဆင်ရေးကို BWM အဖွဲ့ရဲ့ ဦးဆောင်စီမံတာနဲ့ NSA31 မြို့ပြပြောက်ကျားအဖွဲ့နဲ့ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
အခုလို စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ နောက်ဆက်တွဲ အထိအခိုက်တွေကို ဆက်လက်စုံစမ်းနေတယ်လို့လဲ သိရပါတယ်။