အောက်တိုဘာလ (၅)ရက်။
ဒီကနေ့ နံနက် (၇)နာရီဝန်းကျင်ခန့်က ငါးဇွန်မြို့နယ်ရှိ Myanmar Ding Wang ကွတ်ကီးစက်ရုံ ဓါးပြတိုက်ခံခဲ့ရတယ်လို့ စစ်ကောင်စီသတင်းတွေရဲ့ ဖော်ပြထားချက်တွေအရ သိရပါတယ်။
“ နံနက် (၆)နာရီ (၅၅)မိနစ်လောက်မှာ စက်ရုံကို လက်နက်ကိုင်လူတစုရောက်လာပြီး ဝန်ထမ်းတွေကို မှောက်ခိုင်းတာ၊ ပြီးတော့ မန်နေဂျာရုံးခန်းထဲက ဝန်ထမ်းတွေကိုပေးမယ့်လစာ သိန်း (၃၀၀)နဲ့ ကားတစ်စီးကို ယူသွားတယ်” လို့ စက်ရုံတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ကွတ်ကီးစက်ရုံကို လက်နက်ကိုင်ဆောင်ထားတဲ့ လူ (၅)ဦးက ဆိုင်ကယ် (၃)စီးနဲ့ လာရောက်ခဲ့ပြီး သေနတ်ပြခြိမ်းခြောက်ကာ စက်ရုံမန်နေဂျာရုံးခန်းထဲက ဝန်ထမ်းတွေကိုပေးမယ့်လစာ ငွေကျပ် သိန်း (၃၀၀)ကို ယူဆောင်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး လက်နက်ကိုင်လူတစုဟာ စက်ရုံဝန်းထဲက စက်ရုံပိုင် ဟွန်ဒါဖစ်အမျိုးအစား မော်တော်ယာဉ်ကိုလဲ ယူဆောင်သွားပြီး မြင်းခြံမြို့နယ်ဘက်ကို ထွက်ခွာသွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စက်ရုံထဲ ဓါးပြတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာခဲ့ကာ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ပြီး ကျူးလွန်သူတွေကို လိုက်လံရှာဖွေနေပေမယ့် ဖမ်းဆီးရမိတာမရှိသေးပါဘူး။
ဓါးပြတိုက်ခံရတဲ့ Myanmar Ding Wang ကွတ်ကီးစက်ရုံဟာ တရုတ်-မြန်မာ ဖက်စပ်ဖြစ်ပြီး ငါးဇွန်မြို့နယ်ရဲ့ အနောက်တောင်ဘက် (၂၂)မိုင်ခန့်အကွာ မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော်စီမံကိန်းမှာ တည်ရှိတာလို့ သိရပါတယ်။