အောက်တိုဘာလ (၆)ရက်။
မနေ့က ည (၇)နာရီခွဲအချိန်မှာ ဒီပဲယင်းမြို့နယ်ထဲ စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ ပစ်ခတ်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
“ ည (၇)နာရီ (၂၀)မိနစ်မှာ ဒီပဲယင်းနယ်တစ်နေရာနဲ့ တင်းတိမ်ရံနားတဝိုက်ကို စခတွေက ဂျက်ဖိုက်တာနဲ့ တရစပ်ပစ်ခတ်သွားတာ။ တင်းတိမ်ရံက အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒီပဲယင်းနယ်ထဲ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ပစ်ခတ်ခဲ့တာကြောင့် တင်းတိမ်ရံရွာက အရပ်သားအမျိုးသမီးတစ်ဦး နေရာမှာပဲ သေဆုံးခဲ့ကာ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က နေ့လယ် (၂)နာရီကျော်အချိန်ကလဲ ဒီပဲယင်းမြို့ရှိ ကံပြားရွာ၊ တောင်ပြင်ရွာနဲ့ အနောက်ကွက်သစ် စတဲ့ နေရာ (၃)နေရာကို စစ်ကောင်စီက Mi-35 (၂)စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးသီးကြဲချပစ်ခတ်ခဲ့တာမှာ လူနေအိမ်အချို့ ပျက်စီးသွားခဲ့ကာ ထိခိုက်မှုနောက်ဆက်တွဲကို ဆက်လက်စုံစမ်းနေတယ်လို့ ဒီပဲယင်းမြို့နယ်ပအဖက ပြောဆိုထားပါတယ်။
ဒါ့အပြင် ဒီပဲယင်းမြို့နယ်ထဲ စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူတွေ အထူးသတိထားနေထိုင်ဖို့နဲ့ လေကြောင်းအန္တရာယ်သတိရှိဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။