အောက်တိုဘာလ (၆)ရက်။
မနေ့က နောင်ချိုတိုက်ပွဲထဲ စစ်ကောင်စီက လေကြောင်းကနေ အဆိပ်ငွေ့ဗုံးအပါအဝင် ဗုံး (၅၉)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ နောင်ချိုမြို့မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အမြောက်တပ်(၃၅၄)တပ်စခန်းနေရာကို Y-12 လေယာဉ်နဲ့ (၇)ကြိမ် ဗုံး (၅၉)လုံးနဲ့ အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နောင်ချိုမြို့ တောင်ခမ်းရွာရှိ စစ်ကောင်စီရဲ့ (၉၀၂)တပ်စခန်းနေရာကို Y-8 နဲ့ (၇)ကြိမ် လက်နက်ခဲယမ်း အထုပ် (၆၀) လာရောက်ကြဲချခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ရက်စောက်မြို့နယ် ကျောက်ဂူကနေ နောင်ချိုမြို့ကို စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် မနေ့က နံနက် (၅)နာရီအချိန်မှာ သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ(၂၃)တပ်စခန်းနေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့လဲ ပြောဆိုထားပါတယ်။
အဲ့ဒီတိုက်ပွဲဖြစ်ပွားနေတဲ့ ခလရ(၂၃)တပ်စခန်းနေရာမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ (၅)ကြိမ် ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။