နိုဝင်ဘာလ (၆)ရက်။
နှစ်နိုင်ငံအကြား နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖို့ အတူတကွပူးပေါင်းပြီး အရှိန်မြှင့်ဆောင်ရွက်ဖို့လိုတယ်လို့ မနေ့က တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင် H.E. Mr. Wang Ning နဲ့ တွေ့ဆုံချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲထဲ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်တာတွေ ပိုမိုတိုးမြှင့်နိုင်ဖို့အတွက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖို့ကို အလေးထားဆောင်ရွက်သွားဖို့ သူက ပြောဆိုခဲ့ပါတယ်။
နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှသာ သွင်းကုန်၊ ပို့ကုန်ကဏ္ဍကို ပိုမိုဆောက်ရွက်နိုင်မှာဖြစ်ပြီး စီးပွားရေးအရ ကူးလူးဆက်သွယ်တာကို ပိုမိုအကောင်အထည်ဖော်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး မြန်မာနိုင်ငံမှာ အရင်းအမြစ်ကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် စိုက်ပျိုးမွေးမြူရေးနဲ့ သစ်တောထွက်သယံဇာတတွေကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စစ်ခေါင်းဆောင်က ဖိတ်ခေါ်ခဲ့ပါတယ်။
ဒါ့အပြင် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုတို့အပါအဝင် အခြားကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်တာတွေကို မြှင့်တင်ဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လဲ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ စီးပွားရေးအရ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ဖို့၊ နယ်စပ်ဒေသတည်ငြိမ်ဖို့၊ ကုန်သွယ်မှုနဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်တဲ့ကဏ္ဍတို့မှာ တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ လူသားအရင်းအမြစ် လေ့ကျင့်မွေးထုတ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။