၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်။
၁၀၂၇ စစ်ဆင်ရေး (၇၃) ရက်မြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီ ၇ ရက်နေ့၊ ည (၁၁) နာရီဝန်းကျင်မှာ ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီရဲ့ ကွတ်ခိုင်ဗျူဟာကုန်းကို အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
ကွတ်ခိုင်မြို့ကို တအာင်းတပ်မတော် (TNLA) က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မနက် ၇ နာရီဝန်းကျင်ကတည်းက စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက် ညဘက်မှာ အလုံးစုံ သိမ်းပိုက်နိုင်ပြီ ဖြစ်တယ်လို့ TNLA စစ်ပွဲတွေမှာ သတင်းလိုက်ယူနေတဲ့ ဒေသတွင်းသတင်းဌာန ရွှေဖီမြေမှာ ဖော်ပြထားပါတယ်။
ကွတ်ခိုင်မှာ အခြေချလှုပ်ရှားတဲ့ စစ်ကောင်စီရဲ့ ဗျူဟာတပ်အပြင် ၂၄၁၊ ၂၄၂ တပ်နဲ့ ၄၅ တပ်ကို ၈ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက်မှာ ကွတ်ခိုင်မြို့တစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
TNLA က သိမ်းပိုက်ရရှိထားတဲ့ မြို့တွေထဲက ၇ မြို့မြောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။ ကွတ်ခိုင်မြို့သိမ်းတိုက်ပွဲမှာ ပြည်သူ့စစ် ၅ ဦးအပါအဝင် ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၉ ဦးရှိပြီး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာသူလည်း ရှိတယ်လို့ ဆိုပါတယ်။ မြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှု ရှိသလို လူနေအိမ် ထိမှန်ပျက်စီးသွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
Source: TNLA, ရွှေဖီမြေ