ဖေဖော်ဝါရီလ (၈)ရက်။
မင်းပြား၊ ကျောက်တော်နဲ့ မြောက်ဦးမြို့က စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို သိမ်းပိုက်ရယူထားပြီးဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရက္ခိုင့်တပ်တော်(AA)အနေနဲ့ အဲ့ဒီမြို့ (၃)မြို့ကို တစ်လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်မှာ သိမ်းပိုက်ရယူနိုင်ခဲ့တာဖြစ်ပြီး မြောက်ဦးမြို့ရှိ ရဲတပ်ရင်း(၃၁)ကို သိမ်းယူဖို့ကျန်သေးတယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး (၁၀၄)ရက်မြောက်နေ့ဖြစ်တဲ့ မနေ့က ရခိုင်ဒေသထဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီလထဲ ထိုးစစ်/ခံစစ် အပြင်းထန်ဆုံးနေ့တစ်နေ့ ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အထူးသဖြင့် ရေကြောင်းတိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီရဲ့ရေတပ် အထိနာခဲ့တဲ့ နေ့တစ်နေ့ဖြစ်ခဲ့တယ်လို့ AA က ပြောဆိုထားပါတယ်။
ဒါ့ပြင် တိုက်ပွဲပြင်းထန်နေတဲ့ ရမ်းဗြဲမြို့ကို စစ်ကောင်စီက အဆိပ်ငွေ့နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ရေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီဟာ အဆိပ်ငွေ့နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာ အခုဆို ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၇)ရက်နေ့ကလဲ ပြုလုပ်ခဲ့သေးတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။