ဇွန်လ (၈)ရက်။
မြန်မာပြည်သူတစ်ရပ်လုံးအတွက် တာ၀န်ယူ တာ၀န်ခံနိုင်တဲ့ အစိုးရကို အသိအမှတ်ပြု ထောက်ခံပေးသွားမယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားချက်အရ သိရပါတယ်။
“ မြန်မာပြည်သူတစ်ရပ်လုံးက ဘယ်သူ့ကို အသိအမှတ်ပြုလဲ၊ ဘယ်သူ့ကို ပိုလိုလားလဲ၊ ဘယ်သူက အရည်အချင်းရှိရှိနဲ့ တာ၀န်ခံ တာ၀န်ယူပြီး ဆောင်ရွက်နိုင်လဲဆိုတဲ့အချက်တွေက ပိုပြီးအခရာကျတယ်လို့ မြင်ပါတယ်” လို့ သူက ဆိုပါတယ်။
ရခိုင်ပြည်သူတွေအနေနဲ့ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်ကို အမြဲတမ်း လေးစားတန်ဖိုးထားကာ ပြည်သူတွေအတွက် ဘယ်သူက အစိုးရတာ၀န်ကိုယူနိုင်လဲ ဆိုတဲ့အချက်အပေါ် မူတည်ပြီး ရွေးချယ်သွားမယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ထဲနေထိုင်တဲ့ လူမျိုးပေါင်းစုံရဲ့ တန်းတူညီမျှရေး၊ အခွင့်အရေးနဲ့ တာ၀န်တွေကို ပီပြင်စွာဖော်ဆောင်ကာ အနာဂတ်ကို တည်ဆောက်သွားမှာဖြစ်ပြီး နိုင်ငံရေးနဲ့ပတ်သက်တဲ့မူဝါဒ အပြောင်းအလဲမရှိဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ULA/AA အနေနဲ့ ဒီကနေ့အချိန်အထိ ခွဲထွက်ဖို့ မပြောသေးသလို ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကွန်ဖက်ဒရိတ်ကို အပြည့်အ၀ရအောင် တည်ဆောက်နေကာ အပြန်အလှန် အသိအမှတ်ပြုပြီး တည်ငြိမ်အေးချမ်းတဲ့ အနာဂတ်ကို တည်ဆောက်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
တိုက်ပွဲတွေ ဘယ်အချိန်ပြီးမလဲဆိုတာဟာ စစ်ကောင်စီဘက်က တုန့်ပြန်တဲ့အခြေအနေနဲ့ တိုက်ရိုက်သက်ဆိုင်သလို ပြည်သူလိုလားတဲ့ စစ်ရေးရည်မှန်းချက် ပြည့်၀လာချိန်မှာ အတိုင်းအတာတစ်ခုအထိ ရပ်တန့်လာနိုင်တယ်လို့ ဦးခိုင်သုခက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။