မေလ (၄)ရက်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့တာက မင်းအောင်လှိုင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးအရတရားဝင်မှု ရယူလိုတဲ့ ဟန်ပြလုပ်ရပ်လို့ NLD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အနေနဲ့ ပြောင်းရွှေ့ထားတယ်လို့ စစ်တပ်က ထုတ်ပြန်ကြေညာတာတို့ဟာ နိုင်ငံရေးအရ အပြုသဘောဆောင်တဲ့ လမ်းစကို ချဥ်းကပ်လာတာမဟုတ်ဘဲ လှည့်စားတာလို့ ဆိုပါတယ်။
အဲ့ဒီသတင်းထုတ်ပြန်တာဟာ အသွင်ကူးပြောင်းဖို့၊ ပြန်လည်ကုစားနိုင်ဖို့အတွက် လုံလောက်တဲ့ သက်သေပြချက် လုံးဝမဟုတ်သလို ကုစားဖို့နဲ့ အသွင်ကူးပြောင်းဖို့ လုပ်ဆောင်လာမယ်ဆိုပြီး ယူဆနိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဥ်ခြေလှမ်းအနေနဲ့ မှတ်ယူနိုင်ဖို့ မလုံလောက်ဘူးလို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆောလျှင်စွာ ထိတွေ့ပြီး မြန်မာနိုင်ငံကို ပိုမိုရှည်လျားတဲ့ နက်ရှိုင်းတဲ့ ပဋိပက္ခနွံတွင်းကို တွန်းပို့တာ မပြုမိအောင် ရှောင်ရှားဖို့ NLD က တိုက်တွန်းထားပါတယ်။
နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်စေဖို့ ထပ်ခါတလဲလဲ တောင်းဆို သတင်းထုတ်ပြန်ခဲ့ကြတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အပါအဝင် ကမ္ဘာ့နိုင်ငံတွေကို ကျေးဇူးတင် အသိအမှတ်ပြုတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေတွေကို အစဥ်တစိုက် စောင့်ကြည့်နေပြီး ကာလရှည်ကြာ မိတ်ဆွေတဦးအနေနဲ့ ဖေါ်ပြပေးတဲ့ တရုတ်နိုင်ငံရဲ့ သဘောထားအပေါ် ကျေးဇူးတင် အသိအမှတ်ပြုတယ်လို့ ထည့်သွင်းရေးသားထားပါတယ်။
NLD ရဲ့ ထုတ်ပြန်ချက်ထဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်စေဖို့ လူမှုကွန်ရက်တွေနဲ့ မြေပြင်မှာ ဆန္ဒပြုတောင်းဆိုနေကြတဲ့ ပြည်တွင်း၊ ပြည်ပ မြန်မာနိုင်ငံသားတွေကိုလဲ ကျေးဇူးတင်အသိအမှတ်ပြုပြီး လုံးဝလွတ်မြောက်တဲ့အထိ တောင်းဆိုတိုက်ပွဲဝင်ပေးဖို့ တိုက်တွန်းထားပါတယ်။
မြန်မာမှာ ဘက်စုံအကြပ်အတည်းတွေ ဆိုက်ရောက်နေတဲ့ကာလထဲ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တဲ့နိုင်ငံတွေအနေနဲ့ ပြည်သူရဲ့ ရွေးချယ်ခံအစိုးရတွေကသာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဥပဒေနဲ့အညီ ပြည့်ဝစွာအကာအကွယ်ပေးနိုင်မှာဖြစ်ပြီး ဘုံအကျိုးစီးပွားကိုဖြစ်ထွန်းစေဖို့ အာမခံချက်ရှိတယ်ဆိုတာကို သတိပြုကြဖို့လဲ အကြံပြုပြောဆိုထားတယ်လို့ သိရပါတယ်။








