ဒေါက်တာဇော်မြင့်မောင်ဟာ အဖိုးတန်မိတ်ဘက်တစ်ဦးလို့ဆို
အောက်တိုဘာလ (၈)ရက်။
NLD ဒုဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တဲ့အပေါ် စိတ်ထိခိုက်ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အာဏာသိမ်းတဲ့နောက်ပိုင်း စစ်အာဏာရှင်တွေရဲ့ အကျဉ်းချခံထားရချိန် ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေ တစတစ ယိုယွင်းလာတဲ့အပေါ် စိုးရိမ်ပူပန်မိတယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံအကြား နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရာမှာ ဒေါက်တာဇော်မြင့်မောင်ဟာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ခဲ့တဲ့ အဖိုးတန်မိတ်ဘက်တစ်ဦးလို့ ဖော်ပြထားပါတယ်။
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တာက အားလုံးပါဝင်နိုင်တဲ့ အများကိုကိုယ်စားပြုတဲ့ ဒီမိုကရေစီတစ်ရပ်အတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံတာတွေကို အမှတ်ရစေတယ်လို့ ရေးသားထားပါတယ်။
ပြည်သူတွေအားလုံးရဲ့ အခွင့်အရေးကို လေးစားတာနဲ့ တိုင်းပြည်အနာဂတ်အတွက် သူတို့ရဲ့ ပြောရေးဆိုခွင့်ကို သေချာစေတာတို့ကသာ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းကို ကျော်လွန်နိုင်စေမှာလို့ ပြောဆိုထားပါတယ်။
နောက်ပြီး နိုင်ငံရေးခေါင်းဆောင်တွေဟာ နိုင်ငံရေးဖြစ်စဉ်တွေမှာ လွတ်လပ်စွာ ပါဝင်နိုင်ရမှာဖြစ်ပြီး မတရားဖမ်းဆီးထားသူတွေကို ချက်ခြင်းလွှတ်ပေးဖို့၊ ပြည်သူတွေအပေါ် အကြမ်းဖက်တာ ရပ်တန့်ဖို့နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေပြုလုပ်ဖို့ စစ်အာဏာရှင်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။