အောက်တိုဘာလ (၉)ရက်။
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ထဲ ဖြစ်ပွားခဲ့တဲ့ (၃)လောင်းပြိုင်လူသတ်မှုက ကျူးလွန်သူတွေကို စစ်ကောင်စီတရားရုံးက မနေ့က သေဒဏ်နဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဩဂုတ်လ (၁၀)ရက်နေ့က ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းရှိ နေအိမ်တစ်ခုမှာ မိသားစုဝင် (၃)ဦးကို လုယက်ခဲ့တဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးခဲ့ပြီးနောက် ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို ဘုရားကုန်းမြို့မရဲစခန်းမှာ အမှုဖွင့်စုံစမ်းခဲ့ပြီး ကျူးလွန်သူတွေဖြစ်တဲ့ ရဲထက်ကျော်(ခ)ကိုချစ်၊ ကျော်အေး(ခ)ပသိုင်း၊ ကျော်သူနဲ့ နန်းကိုသူ(ခ)နန်းမောင်တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၄/၃၄၊ ၂၀၁၊ ၂၀၂/၁၀၉တို့နဲ့ ဥတ္တရသီရိခရိုင်တရားရုံးကို တရားစွဲဆိုတင်ပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ခရိုင်တရားရုံးက ရဲထက်ကျော်ကို သေဒဏ်နဲ့ ထောင်ဒဏ် နှစ် (၂၀)၊ နန်းကိုသူ(ခ)နန်းမောင်ကို သေဒဏ်နဲ့ ထောင်ဒဏ် (၁၀)နှစ်အပြင် ကျော်အေးကို အလုပ်နဲ့ ထောင်ဒဏ် (၇)နှစ် (၆)လနဲ့ ကျော်သူကို အလုပ်နဲ့ထောင်ဒဏ် (၆)လ ချမှတ်ခဲ့ပါတယ်။
ဒါ့အပြင် ကျူးလွန်သူတွေထဲ ပါဝင်တဲ့ ကလေးတရားခံ ဖိုးလပြည့်(ခ)ဝင်းမင်းသူ(ခ)ဇော်ဇော်ကို ပုဒ်မ (၂)ခုအတွက် ဥတ္တရသီရိမြို့နယ်တရားရုံးက ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့တယ်လို့လဲ ရေးသားထားပါတယ်။
ကျူးလွန်သူတွေဟာ ငွေကြေးလိုအပ်ချက်ကြောင့် သူငယ်ချင်းဖြစ်သူအပါအဝင် သူရဲ့မိသားစုဝင်တွေကိုပါ သတ်ဖြတ်လုယက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။