စက်တင်ဘာလ (၁၁)ရက်။
တရုတ်က စစ်ကောင်စီကို ယွမ် (၅)သန်းတန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ အကူအညီပေးခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တရုတ်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးဖိုရမ်ကို စစ်ကောင်စီပြည်ထဲရေး၀န်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်ခဲ့ပြီးနောက် တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာ၀န်ကြီးနဲ့ တွေ့ဆုံခဲ့တာပါ။
အဲ့ဒီတွေ့ဆုံပွဲမှာ တရုတ်နဲ့ စစ်ကောင်စီအကြား ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနဲ့ ယွမ် (၅)သန်းတန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ အကူအညီပေးရေး နားလည်မှုစာချွန်လွှာတို့ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တရုတ်နဲ့ စစ်ကောင်စီကြား ရဲလုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တဲ့ အချက်အလက်အသေးစိတ်ကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မရှိပါဘူး။
နှစ်ဖက်တွေ့ဆုံပွဲထဲ နှစ်နိုင်ငံ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီပြည်ထဲရေး၀န်ကြီး တက်ရောက်ခဲ့တဲ့ ပြည်သူ့လုံခြုံရေးဖိုရမ်ခရီးစဉ်ထဲ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံ ဝန်ကြီးဌာနနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်တာတွေအပေါ် အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။