အောက်တိုဘာလ (၁၁)ရက်။
မနေ့က နံနက် (၃)နာရီခွဲအချိန်မှာ မုံးစီးမြို့နယ်ရှိ ရေပူစမ်းနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ရေပူစမ်းကို စကစက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတာမှာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အဦးအချို့ ပျက်စီးသွားခဲ့တာပါ။ စစ်ကောင်စီ ဗုံးကြဲတဲ့နေရာက အပန်းဖြေစခန်းနေရာပါ စစ်ရေးပစ်မှတ်မဟုတ်ပါဘူး” လို့ ဆိုပါတယ်။
ရေပူစမ်း အပန်းဖြေစခန်းနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးအချို့ ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဗုံးကြဲခံရတဲ့နေရာဟာ မုံးစီးမြို့နဲ့ တာမိုးညဲမြို့က ပြည်သူတွေရဲ့ အပန်းဖြေစခန်းတစ်ခုသာဖြစ်ပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူကိုဦးတည်ပြီး လာရောက်တိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဩဂုတ်လ (၇)ရက်နေ့က ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်း လက်နက်အမျိုးအစားဖြစ်တဲ့ ပေါင် (၅၀၀)ဗုံး အသုံးပြုပြီး (၂)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဩဂုတ်လ (၅)ရက်နေ့တုန်းကလဲ တစ်ရက်ထဲ စစ်ကောင်စီက လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့ကာ မြို့ခံ (၆)ဦး သေဆုံးခဲ့ပြီး (၁၀)ဦး ဒဏ်ရာရခဲ့သလို မြို့မဈေးလဲ မီးလောင်ခဲ့ပြီး ဆိုင်ခန်းပေါင်း (၄၀၁)ခန်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။