အောက်တိုဘာလ (၁၁)ရက်။
မနေ့က ဂန့်ဂေါမြို့မှာ သန်းခေါင်စာရင်းကောက်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီလက်အောက်ခံ လဝကရုံးနဲ့ မြို့နယ်ထွေအုပ်ရုံးတို့ကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ တရားမဝင် သန်းခေါင်စာရင်းကောက်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ လဝကရုံးနဲ့ မြို့နယ်ထွေအုပ်ရုံးတို့ကို ဒရုန်းနဲ့ (၃)ကြိမ် ဗုံးသီးကျဲချခဲ့တာပါ” လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ လဝကရုံးနဲ့ မြို့နယ်ထွေအုပ်ရုံးတို့ကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့(HYPER UAV FORCE)အဖွဲ့က ဒရုန်းနဲ့ (၃)ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရတာကြောင့် ဂန့်ဂေါမြို့ရှိ စစ်ကောင်စီရဲ့ ခလရ(၅၀)တပ်က အနီးဝန်းကျင်ရှိ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဂန့်ဂေါမြို့ပေါ်မှာ သန်းခေါင်စာရင်းကောက်ယူတာကို အောက်တိုဘာလ (၅)ရက်နေ့က စတင်ခဲ့ပြီး သန်းခေါင်စာရင်းကောက်ယူတဲ့အခါ ခလရ(၅၀)တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက လုံခြုံရေးယူပေးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အတုမယောင်ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်တာကို ဆန့်ကျင်ကြဖို့နဲ့ ပူးပေါင်းပါဝင်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားတယ်လို့ သိရပါတယ်။